အလုပ်ကိစ္စနဲ့ ခရီးသွားရခြင်းဟာ သာမန်အပျော်ခရီးသွားရတာနဲ့ မတူပါဘူး။ စိတ်ဖိစီးမှုများနှင့် ပြည့်နှက်နေတတ်ပါတယ်။ အထူးသဖြင့် ပြည်ပသို့ တစ်ခါမှမသွားဖူးတဲ့သူတွေအနေနဲ့ အလုပ်ကိစ္စနဲ့ နိုင်ငံခြားသို့ ခရီးသွားဖို့ အကြောင်းဖန်လာတဲ့အခါ အလုပ် စိတ်ဖိစီးစရာကတစ်ဖက်၊ ပြည်ပခရီးသွားရမယ့် စိတ်ဖိစီးစရာက တစ်ဖက်နှင့် ဗျာများနေတတ်ပါတယ်။

ဒီလို ဗျာများနေရတဲ့သူတို့အတွက် အလုပ်ကိစ္စနဲ့ ပြည်ပသို့ ခရီးသွားရတဲ့အခါ အခက်အခဲမရှိရလေအောင် သိထားသင့်တဲ့အချက်များကို ဝေမျှပေးချင်ပါတယ်။

နေ့စဥ်သုံးပစ္စည်းများကိုလည်း ထုပ်ပိုးသွားဖို့ မမေ့ပါနဲ့

သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာသစ်ဆေး၊ မိမိသုံးနေကျ ရေချိုးဆပ်ပြာများကို ဆိုဒ်အကြီးကြီးမဟုတ်ဘဲ Travel Size များဖြင့် ဆောင်ထားလိုက်ပါ။ ဒါဆိုရင်တော့ အိမ်မှာ မေ့ကျန်ခဲ့တဲ့ အဖြစ်မျိုး ကြုံတွေ့ရတော့မှာ မဟုတ်ပါဘူး။

တားမြစ်ထားတဲ့ ပစ္စည်းများကို မယူသွားပါနဲ့

အန္တရာယ်ရှိတဲ့ ပစ္စည်းများကိုတော့ မယူသွားတာအကောင်းဆုံးပါပဲ။ ဥပမာ ဓား၊ ကတ်ကြေးများ၊ လောင်ကျွမ်းလွယ်သော အရည်များ၊ အစွန်းချွတ်ဆေး၊ ဘလိတ်ဓား အစရှိတဲ့ ပစ္စည်းများကို သယ်ဆောင်သွားခွင့် မပြုတဲ့အတွက်ကြောင့် ထည့်မသွားပါနဲ့။

ဖုန်းနှင့် လက်ပ်တော့များကို အားကြိုသွင်းထားပါ

ဖုန်းနှင့် လက်ပ်တော့များကို မိမိအိမ်က မထွက်ခင်ကတည်းက ကြိုတင်ကာ အားသွင်းထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ အရေးရယ် အကြောင်းရယ်ဆို အားကုန်နေလို့ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိတဲ့ အခြေအနေကနေ ကျောလွှားနိုင်မှာဖြစ်ပါတယ်။

လဲဝတ်ရမယ့် အဝတ်အစားတစ်စုံကို ကျောပိုးအိတ်ထဲမှာ ထည့်ထားပါ

လေယာဥ်ကနေ ဆင်းပြီး တည်းခိုအနားယူရမယ့်နေရသို့ ရောက်တဲ့အခါ အထုပ်အပိုးများကို စနစ်တကျ စီစီရီရီထားဖို့လိုအပ်ပါတယ်။ တကယ်လို့ ပစ္စည်းတွေ နေရာချဖို့လည်း အချိန်မရှိဘူး။ ရောက်တာနဲ့ အစည်းအဝေး တန်းတက်ရမယ့်သူများကတော့ မိမိလဲဝတ်ရမယ့်အဝတ်အစားများကို ကျောပိုးအိတ်ထဲမှာ အလွယ်တကူ ထုတ်ဝတ်လို့ရအောင် ထည့်ထားသင့်ပါတယ်။

စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရတဲ့ ကြာချိန်ကို လျော့ချဖို့ရန်အတွက် လိုက်လျောညီထွေတဲ့ အဝတ်အစားများကိုသာ ဝတ်ဆင်ပါ

လုံခြုံရေးအစောင့်များက သတ္တုနှင့် ပြုလုပ်ထားတဲ့အရာများ၊ ဥပမာ-ခါးပတ်များ၊ ဖိနပ်များကို လိုအပ်လာပါက သင့်ကို ချွတ်ခိုင်းမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သတ္တုအသုံးအဆောင်ပစ္စည်းများကို မဝတ်ဆင်မိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရှူးဖိနပ်များထက် ခြေညှပ်ဖိနပ်များကို ဝတ်ဆင်မယ်ဆိုရင် စစ်ဆေးရေးဂိတ်ကို မြန်မြန်ဆန်ဆန်ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဖုန်းနှင့် လက်ပ်တော့ အားသွင်းကြိုးများကိုလည်း မမေ့ပါနှင့်

အလုပ်ကိစ္စနှင့် ခရီးသွားရတာဖြစ်တဲ့အတွက်ကြောင့် လက်ပ်တော့များ၊ ဖုန်းများသည် အင်မတန်အရေးကြီးပါတယ်။ နိုင်ငံတကာအစည်းအဝေးဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဘက်က တစ်ခုခု ချွတ်ချော်သွားတာနဲ့ ကိုယ့်ရဲ့ဂုတ်သိက္ခာရော၊ ကိုယ့် အဖွဲ့အစည်းရဲ့ ပုံရိပ်ပါ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစည်းအဝေးအတွက် လိုအပ်တဲ့ စာရွက်စာတမ်းများကို Hardcopy ရော Softcopy ပါ ကူးထားလိုက်ပါ။ ဖုန်းနှင့် လက်ပ်တော့များ၊ အားသွင်းကြိုးများကိုလည်း မမေ့မလျော့ ယူဆောင်သွားသင့်ပါတယ်။