ဘဝတစ်လျှောက် အောင်မြင်တိုးတက်ဖို့အတွက် အခုကတည်းက ကိုယ့်ကိုယ်ကိုယ် အလားအလာရှိတဲ့လူဖြစ်အောင် ဖန်တီးဖို့လိုပါတယ်။ ဒီလို ဘဝတက်လမ်းရှိတဲ့ လူငယ်တစ်ယောက်ဖြစ်လာဖို့ဆို အခုပြောမယ့် အချက်တွေနဲ့ ကိုက်ညီနေဖို့ လိုပါတယ်။

(၁) အမြင်ပြောင်းလဲပါ

ဘယ်နေရာက လာလာ ၊ ဘယ်လို မိသားစုက မွေးမွေး ငါတစ်‌နေ့ ကြီးပွားရမယ်ဆိုတဲ့ သံဓိဌာန်ထားပြီး ကြိုးစားကြည့်ပါ။ ဘဝကို အကောင်းမြင်စိတ်နဲ့ မြင်တဲ့အကျင့် မွေးယူပါ။ ဘယ်လိုအခက်အခဲနဲ့ ကြုံကြုံ အတားအဆီးတွေကို ကျော်တဲ့တစ်နေရာမှာ အောင်မြင်မှုနဲ့ အခွင့်အလမ်းတံခါးတွေ ရှိနေမယ်လို့ ယုံကြည်ပါ။

အမြင်ပြောင်းလိုက်တဲ့အခါ တံခါးတစ်ချပ် ဖွင့်လိုက်တာပါပဲ။ အဲ့ဒီတံခါးဟာ ယုံကြည်မျှော်လင့်ချက်တွေ တကယ်ဖြစ်နိုင်တယ်ဆိုတာကို လမ်းညွှန်နိုင်တဲ့ တံခါးပဲ ဖြစ်ပါတယ်။

(၂) ပညာရေး အလေးထားပါ

လူငယ်တစ်ယောက်အဖို့ အကြီးမားဆုံး အရင်းအနှီးနှစ်ခု ရှိမယ်ဆိုရင် တစ်ခုက ကိုယ်ကျင့်တရားနဲ့ နောက်တစ်ခုက ပညာရေးပါပဲ။ ကိုယ်ကျင့်တရားနဲ့ ပညာရေးနှစ်ဖက် ဟန်ချက်ညီဖွံ့ဖြိုးသူဟာ လူကောင်းလူတော်/ လူချွန်လူကောင်းဖြစ်လာမှာ အမှန်ပါပဲ။

ငယ်စဉ်မှာ ပညာရှာဆိုပေမယ့် ပညာဆိုတာ ဘဝတစ်လျှောက်လုံးမှာ သင်ယူသွားရမယ့်အရာ ဖြစ်ပါတယ်။ ကျောင်းနေပညာရေးအပြင် ကျောင်းမတက်ဘဲ တတ်နိုင်တဲ့ ပညာတွေ အများကြီးရှိပါတယ်။ ဘဝမှာ တက်လမ်းရှိတဲ့လူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် လိုလားစိတ်နဲ့ ပညာရှာပါလို့ အကြံပေးချင်ပါတယ်။

(၃) အလုပ်အတွေ့အကြုံယူပါ

အခွင့်အလမ်းရချင်ရင် အရင် အလုပ်လုပ်ပြပါ။ အလုပ်တွေဟာ ဘဝမှာ ဘာတွေ လေ့လာရမယ် ၊ ဘယ်အပိုင်း ဘယ်လို ပြင်ထားရမယ် ၊ ဘယ်သူတွေနဲ့ ဘယ်လို ပေါင်းသင်းရမယ်ဆိုတာကို တစ်နေရာတည်းမှာ သင်ကြားပေးတဲ့ဌာနကြီးပါပဲ။

Startup မှာပဲ လုပ်လုပ် ကုမ္ပဏီကြီးတွေ ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ NGO မှာပဲ လုပ်လုပ် အလုပ်အတွေ့အကြုံ ရှိထားခြင်းဟာ လုပ်ငန်းခွင်ကျင့်ဝတ် နဲ့ အလုပ်ကျွမ်းကျင်မှု ၊ ဘဝအတွေ့အကြုံတွေပါ ရနိုင်လို့ဖြစ်ပါတယ်။

(၄) ဆရာကောင်းဆီမှာ ဆည်းကပ်ပါ

ဆရာသမားကောင်း ၊ Mentor ကောင်း ရှိရင် ဘဝလမ်းဖြောင့်ဖို့ ပိုအလားအလာကောင်းပါတယ်။ ဆရာသမားကောင်းတွေအပြင် အသိုင်းအဝိုင်းကောင်း ၊ မိတ်ဆွေကောင်းတွေနဲ့ ပေါင်းတာမျိုးကလည်း လူတစ်ယောက် တက်လမ်းပေါ်ရေးမှာ အရေးပါတဲ့ အချက်ပဲ ဖြစ်ပါတယ်။