အလုပ်တစ်ခုကနေ နောက်အလုပ်သစ်တစ်ခုကိုပြောင်းချင်ရတဲ့ ရည်ရွယ်ချက်တွေ အမျိုးမျိုးရှိကြပါတယ်။ အလုပ်သစ်ဆိုရာမှာလည်း ကုမ္ပဏီအသစ်ကို ပြောင်းသွားတာမျိုးကို ဆိုလိုတာမဟုတ်ဘဲ အခြားသော နယ်ပယ်အသစ်ထဲသို့ ကူးပြောင်းလိုခြင်းကို ဆိုလိုတာပါ။

သင့်အနေနဲ့ ဒီလိုခံစားချက်မျိုး ခံစားနေရပြီဆိုရင်တော့ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ချက် မှားသွားတဲ့အခါ သင် ကိုယ်တိုင်ပဲ နောင်တရနေရမှာမို့လို့ပါ။

ဒါဆိုရင် အလုပ်သစ် နယ်ပယ်အသစ်ထဲ မပြောင်းခင် ဘယ်လိုအရာတွေကို အရင်ဆုံး ပြုလုပ်သင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

အခကြေးငွေ မယူဘဲ လုပ်အားပေးအဖြစ် အရင်ဆုံး လုပ်ကိုင်ကြည့်ပါ

ဒီလိုလုပ်ကိုင်ခြင်းအားဖြင့် သင် ဒီအလုပ်ကို အမှန်တကယ်စိတ်ဝင်စားတာဟုတ်ရဲ့လား၊ အပျော်သက်သက် လုပ်ကိုင်ချင်တာလားဆိုတာကို သိနားလည်သွားပါလိမ့်မယ်။ မည်သည့်အလုပ်မဆို သူ့နေရာနှင့်သူ အခက်အခဲအတားအဆီးများ ရှိတတ်ပါတယ်။ ထိုအခက်အခဲတွေကို အောင်မြင်စွာ ဖြတ်ကျော်ဖို့လိုပါတယ်။

အင်တာဗျူးအတွက် စုံစမ်းကြည့်ပါ

သင့်အနေနဲ့ ပထမအဆင့်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဆိုရင်တော့ အင်တာဗျူးကိစ္စကို ဆက်သွားရပါမယ်။ ဘယ်ကုမ္ပဏီတွေက အင်တာဗျူးခေါ်နေသလဲ။ ဘယ်လိုအတွေ့အကြုံတွေ လိုအပ်သလဲ စတဲ့အသေးစိတ်အချက်အလက်ကအစ သေချာစုံစမ်းပါ။

အင်တာဗျူးမယ့်ကုမ္ပဏီအကြောင်းကို သေချာလေ့လာပါ

ကိုယ်လုပ်မယ့် ကုမ္ပဏီရဲ့နောက်ခံသမိုင်းကြောင်းကို သေချာလေ့လာဖို့လိုပါမယ်။ ဒါမှ အင်တာဗျူး ဖြေတဲ့အခါ အဆင်ပြေမှာပါ။ နို့မဟုတ်ရင် ကိုယ် သွားလုပ်မယ့် ကုမ္ပဏီက ဘယ်လိုအနေအထားရှိသလဲဆိုတာကို မသိဘဲ ထိုနေရာမှာ သင် အချိန်တော်တော်ကြာ ကုန်ဆုံးသွားရပါလိမ့်မယ်။

နောက်ပြန်မလှည့်ပါနဲ့

သင့်အနေနဲ့ အင်တာဗျူးအောင်သွားပြီ။ ထိုအလုပ်ကိုလည်း လက်ခံလိုက်ပြီဆိုရင် အနည်းဆုံး ၂ နှစ်၊ ၃ နှစ်လောက်တော့ လုပ်ရပါလိမ့်မယ်။ ၃ လ၊ ၄ လလောက်နဲ့ အလုပ်ထွက်ရင်တော့ အချိန်ကုန် လူပင်ပန်းတာပဲ အဖတ်တင်ပြီး ဘာပညာမှရမှာမဟုတ်ပါဘူး။ သင့်ရဲ့အရည်အချင်းကိုလည်း တိုးတက်ချင်တယ်ဆိုရင်တော့ ကိုယ် စခဲ့တဲ့ခြေလှမ်းကို ပန်းတိုင်အဆုံးထိ ဆက်သွားဖို့လိုပါတယ်။

ဒါမှသာ နေရာတစ်နေရာမှာ မိမိလိုချင်တဲ့ရာထူးနဲ့ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှာဖြစ်ပါတယ်။