ဘဝက တိုတောင်းတယ်ဆိုတဲ့ အယူအဆကို လူတော်တော်များများ လက်ခံကြမှာပါ။ ဘာလိုလဲဆိုတော့ အဲ့ဒါမှ လုပ်စရာရှိတာတွေကို မြန်မြန်လုပ်ဖြစ်မှာမလို့ပါ။ ဒါပေမယ့် ဘဝက အမှန်တကယ်တိုတောင်းတာလား ဆိုရင်တော့ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။

တကယ်တမ်း ကိုယ်သာ သက်တမ်းပြည့်နေသွားရမယ်ဆိုရင် ရှည်လျားတဲ့ ဘဝကြီးမှာ ပျင်းရိငြီးငွေ့လာတဲ့ အချိန်တွေဆိုတာ ရှိလာမှာပါ။ ဒါဆို ဘဝမှာ ပျင်းရိငြီးငွေ့တဲ့ ခံစားချက်မျိုး ဖြစ်နေပြီဆိုရင် ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) ကိုယ့်ကိုယ်ကို တာဝန်ယူပါ

ပထမဆုံးအနေနဲ့ ဘဝကို ငြီးငွေ့နေတယ်ဆိုရင် ဒီအခြေအနေကနေ ရုန်းထွက်ဖို့ တာဝန်ယူရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူဖို့ ရွေးချယ်လိုက်တာနဲ့ တပြိုင်နက် ဘဝကို စပြောင်းလဲနိုင်လို့ပါပဲ။ ဘဝဆိုတာ အမြဲတမ်းမမျှတဘူးဆိုပေမယ့် ဘယ်သူမှ အချိန်တိုင်းငြီးငွေ့စိတ်ပျက်နေဖို့ မလိုအပ်ပါဘူး။ ဇွဲလုံ့လ၊ ရိုးသားမှုနဲ့ တာဝန်ယူတတ်မှုတွေက ကိုယ့်ဘဝထဲရောက်နေတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ အကောင်းဆုံးသော နည်းလမ်းတွေ ဖြစ်ပါတယ်။

(၂) တစ်ပတ်တစ်ခါ မလုပ်ဖူးသေးတာတစ်ခု စမ်းကြည့်ပါ

နောက်တစ်ခုကတော့ ဘဝမှာ ကိုယ်မလုပ်ဖူးသေးတဲ့ အသစ်ဆန်းတစ်ခုကို စမ်းကြည့်ဖို့ပါ။ သေးသေးလေးပဲ ဖြစ်ဖြစ် စတင်ကြည့်ပါ။ ဥပမာ – မစားဘူးသေးတဲ့ အစားအသောက်အသစ်တစ်ခုကို မြည်းစမ်းကြည့်တာ ၊ မရောက်ဖူးသေးတဲ့ နေရာတစ်ခုကို သွားလည်တာ၊ တခြားမြို့ကို ကားမောင်းကြည့်တာ ဒါမှမဟုတ် ပုံမှန်ဖတ်နေကျစာအုပ်မျိုးတွေနဲ့ မတူညီတဲ့ စာအုပ်အမျိုးအစားတွေကို ဖတ်တာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ ဒီလို အပြောင်းအလဲလေးတွေက စိတ်လှုပ်ရှားစရာကောင်းတဲ့ Lifestyle ဖြစ်အောင်အထိ ပြောင်းလဲပေးနိုင်ပါတယ်။

(၃) သူစိမ်းတစ်ယောက်နဲ့ စကားစမြည်ပြောပါ

ကိုယ်က လူတွေနဲ့ သိပ်စကားပြောလေ့မရှိဘူးဆိုရင် အသစ်အဆန်းတစ်ခုလုပ်ဖို့ အရိုးရှင်းဆုံးနည်းလမ်းတွေထဲက တစ်ခုက သူစိမ်းတွေနဲ့ စကားပြောတာ ဖြစ်ပါတယ်။ ကိုယ်သွားတဲ့ ကော်ဖီဆိုင် ဒါမှမဟုတ် စားသောက်ဆိုင်မှာတွေ့တဲ့ သူတစ်ယောက်ကို စကားစပြောတာမျိုးလုပ်လို့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါ စကားပြောကြည့်ပါ။ အခြားသူတွေနဲ့ စကားပြောတာက ကိုယ့်ကို ကမ္ဘာကြီးအကြောင်း ပိုနားလည်ဖို့ကူညီပေးသလို အသစ်အသစ်သောအရာတွေကို သင်ယူဖို့နဲ့ သူငယ်ချင်းအသစ်တွေရဖို့ ကူညီပေးနိုင်ပါတယ်။

(၄) ကိုယ့်ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ ကောင်းတဲ့အရာတွေကို ချရေးပါ

ကျေးဇူးတင်တတ်တာဟာ ဘဝက ပျင်းစရာမဟုတ်ဘူးဆိုတာသိမြင်ဖို့ အကူညီပေးတဲ့နေရာမှာ များစွာ အထောက်အပံ့ပေးနိုင်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ဘဝမှာရှိတဲ့ ကောင်းတဲ့အရာတွေကို မေ့ပြီး မကောင်း တာတွေကိုပဲ အာရုံစိုက်မိနေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘဝမှာရှိတဲ့အရာတွေထဲက အပြုသဘောဆောင် တဲ့အရာတွေကို ချရေးတဲ့အလေ့အထကို လုပ်ကြည့်ပါ။ ဒါဆို မကြာခင်မှာပဲ ဒီလိုအပြုသဘောဆောင် တဲ့အရာတွေ ကိုယ့်ဘဝထဲရောက်လာတာကို တွေ့ရမှာပါ။