တစ်နေ့လုံးရုံးတက်ရတာ၊ ကလေးထိန်းရတာ၊ ဈေးဝယ်ရတာ စတာတွေကြောင့် ပင်ပန်းနေပြီလား။ တစ်ခါတလေ မောပန်းခြင်းက စိတ်ဖိစီးမှုနဲ့ လေ့ကျင့်ခန်းမလုပ်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်၊ အလုပ်လုပ်တဲ့ပတ်ဝန်းကျင်ကြောင့် မောပန်းနိုင်ပါတယ်။

ဒီလိုပင်ပန်းနေတဲ့အချိန်မှာ အနားယူနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေက သင့်ကို ပြန်လည်လန်းဆန်းစေတဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။

၁။ မိနစ် ၂၀ အိပ်စက်အနားယူလိုက်ပါ

Source: NBC News

မိနစ် ၂၀ အိပ်လိုက်တာက သင့်ကို လုပ်ငန်းဆောင်ရွက်မှုပိုမြန်ဆန်စေကြောင်း သိပ္ပံပညာရှင်တွေယုံကြည်ထားကြပါတယ်။ နေ့လည်ဘက် မိနစ် ၂၀ အိပ်လိုက်တာက သင့်ကို အားအင်အသစ်တွေ ထပ်လောင်းပေးပြီး အလုပ်လုပ်ရတာ တက်ကြွစေပါတယ်။ မိနစ် ၂၀ အိပ်စက်နည်းကတော့ ဒီလိုပါ

  • အေးချမ်းတဲ့ အလင်းရောင်နည်းပြီး နှောင့်ယှက်မယ့်လူမရှိတဲ့နေရာမှာ အိပ်ပါ။
  • အလင်းရောင်ကို မကြိုက်ရင် မျက်လုံးကာတဲ့ အစည်းနဲ့ အိပ်ပါ။
  • နေ့လည်စာစားပြီး တစ်နာရီ ဒါမှမဟုတ် နှစ်နာရီလောက် ကြာမှ အိပ်ပေးပါ။
  • အိပ်ရာကနိုးတာနဲ့ မျက်နှာကို ရေဖြန်းလိုက်ပါ ဒါမှမဟုတ် လမ်းအနည်းငယ်လျှောက်လိုက်ပါ။

၂။ တည့်တည့်မတ်မတ်ထိုင်ပါ

Source: Brightside.me

ကိုယ်ကို မတ်ပြီးထိုင်တာက အမောပြေစေပြီး သွေးတွင်းအောက်ဆီဂျင်အဆင့်တိုးပွားစေတယ်လို့ သိပ္ပံပညာရှင်များ ဆိုထားပါတယ်။ ကိုယ်မတ်ပြီး ထိုင်သူတွေဟာ စိတ်အာရုံ ကြည်လင်ပြီး ကိုယ်ကွေးထိုင်သူတွေထက် အဆိုးမြင်စိတ် ပိုနည်းပါတယ်။ သွေးလည်ပတ်မှုကောင်းဖို့ အတွက် အကြောဆန့်တာပြုလုပ်ပေးနိုင်ပါတယ်။

၃။ အားရပါးရရယ်မောလိုက်ပါ

Source: Brightside.me

ရယ်မောခြင်းကြောင့် ကျန်းမာရေးအကျိုးများစွာရရှိနိုင်ပါတယ်။ ကျွန်ုပ်တို့ရယ်မောတဲ့အချိန်မှာ နှလုံးနဲ့ ကြွက်သားတွေကို လှုံ့ဆော်ပေးတဲ့ အောက်ဆီဂျင်ကို ပိုရှူမိစေပါတယ်။ သွေးတွင်း Endorphin အဆင့်ကို တိုးစေပါတယ်။ ဒါကြောင့် သင်မောပန်းတဲ့အချိန်မှာ ဟာသတွေကြည့်လိုက်ပါ။ အားရပါးရရယ်မောလိုက်ပါ။

၄။ သစ်ကြမ်းပိုးခေါက်အနံ့ကိုရှူပါ

Source: Organic Facts

သစ်ကြမ်းပိုးခေါက်အနံ့က ဦးနှောက်အတွက် အကျိုးများစွာဖြစ်စေပါတယ်။ ဒီအခေါက်က ဦးနှောက်လုပ်ဆောင်မှုကို တိုးတက်စေပြီး မှတ်ဉာဏ်ပျောက်ခြင်းနဲ့ ဖိအားတွေကို တိုက်ထုတ်ပေးပါတယ်။ ပေါ့ပါးသွက်လက်စေပါတယ်။ သင့်ကို လန်းဆန်းစေတဲ့တခြားအနံ့တွေကတော့ သံပယိုသီးအနံ့၊ လိမ္မော် Essential Oil အနံ့တွေဖြစ်ပါတယ်။ သတိထားရမှာက Essential Oil က မတည့်တဲ့သူဆိုရင် ယားယံတာတွေ ဖြစ်နိုင်ပါတယ်။

၅။ နေရောင်ထိပါ

Source: Brightside.me

အလင်းရောင်နည်းတဲ့နေရာတွေကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ အမှောင်က အိပ်ပျော်စေတဲ့ Serotonin ထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။ လိုက်ကာတွေဆွဲပြီး နေရောင်ဝင်လာပါစေ။ ဒါမှမဟုတ် အပြင်ထွက်လမ်းလျှောက်လိုက်ပါ။ လတ်ဆတ်တဲ့ လေကိုရှူရှိုက်ပြီး နေရောင်ခံလိုက်ပါ။ ဒီလိုလုပ်တာက သင့်ကို ပိုပျော်ရွှင်စေပြီး အားအင်တိုးပွားစေနိုင်ပါတယ်။

၆။ သဘာဝစွမ်းအားပြည့်ဖျော်ရည်သောက်ပါ

Source: The Standard

ဒီသဘာဝဖျော်ရည်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ သံပယိုသီး၊ ဂျင်း၊ ပျားရည်နဲ့ ရေပါ။ နည်းလမ်းကတော့

  • ဂျင်းပြုတ်ရည် တစ်ဇွန်း၊ သံပယိုရည် တစ်ဇွန်းနဲ့ ပျားရည်တစ်ဇွန်းယူပါ။
  • ဒီထဲကို ရေထည့်ပြီး မွှေလိုက်ပါ။
  • အေးအေးလေးသောက်ချင်ရင် ရေခဲထည့်နိုင်ပါတယ်။

၇။ ရေသောက်ပါ

Source: Pinterest

ရေဓာတ်ဆုံးရှုံးတာကလည်း မောပန်းမှုဖြစ်စေတဲ့ အကြောင်းတစ်ခုပါ။ တခြားလက္ခဏာတွေကတော့ ခေါင်းကိုက်မူးဝေတာ၊ စိတ်ဆတ်တာ စတာတွေပါ။ ကျွန်ုပ်တို့အများစုဟာ ရေဆာမှ ရေသောက်တတ်ကြပါတယ်။ ဒီလိုမဟုတ်ဘဲ ရေမဆာလည်း ရေသောက်ကြည့်လိုက်ပါ။ သင်မောပန်းတာ သက်သာသွားပါလိမ့်မယ်။

၈။ သင်ကြိုက်တဲ့သီချင်းတစ်ပုဒ်ကို ငြီးလိုက်ပါ

Source: LittleThings

အားကစားလုပ်သလိုပဲ သီချင်းဆိုတာက သင့်ဦးနှောက်ကို လှုပ်နိုးသလိုဖြစ်ပြီး သွေးစီးဆင်းမှု မြန်စေပါတယ်။ သီချင်းငြီးတာက သင့်ကို ပိုပျော်ရွှင်စေပါတယ်။ သီချင်းဆိုတာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပြဿနာတွေကို လွယ်ကူစွာဖြေရှင်းနိုင်စေပါတယ်။

၉။ ခြေထောက်ကို နှိပ်နယ်ပါ

Source: Brightside.me

ကျွန်ုပ်တို့ ခြေထောက်မှာ အာရုံကြောအဆုံးပေါင်း ၇၀၀၀ ကျော်၊ မတူညီတဲ့ ကြွက်သား ၁၉ ခု၊ အရွတ် ၁၀၇ ခုနဲ့ အရိုးပေါင်း ၂၆ ခုရှိပါတယ်။ ခြေထောက်ကို ဖိနှိပ်ပေးတာက နာကျင်မှု၊ စိတ်ဖီးစီးမှုနဲ့ မောပန်းမှုကို လျော့ကျစေပါတယ်။ ခြေဖဝါးကို ပွတ်ပေးပြီး စက္ကန့်အနည်းငယ် ဖိပေးရပါမယ်။

၁၀။ ဗာဒံစေ့စားပါ

Source: Organic Facts

ဗာဒံစေ့မှာ Riboflavin နဲ့ L-carnitine တို့ ပါဝင်ပါတယ်။ ဒီဓာတ်တွေက ဦးနှောက်လုပ်ဆောင်မှုနဲ့ ဆက်စပ်နေပါတယ်။ ဗာဒံစေ့က မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်နဲ့ ဗီတာမင်ဓာတ်တွေကြွယ်ဝပါတယ်။

ဒီနည်းလမ်းတွေကတော့ မောပန်းလာတဲ့အချိန်မှာ ပြုလုပ်နိုင်တဲ့ အနားယူနည်းတွေပါ။ ဒါပေမဲ့ အချိန်ကြာကြာမောပန်းတတ်ရင်တော့ ဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါ။

သင်ကော မောပန်းလာရင် ဘယ်လိုနည်းနဲ့ အနားယူလဲ။ ပြောပြခဲ့ပါဦး။

By MyStyle Myanmar