သင့်သူငယ်ချင်း အသည်းကွဲနေတယ်ဆိုရင် ဒီအရာတွေနဲ့ သူ့ကိုစိတ်အဆင်ပြေအောင်၊ စိတ်သက်သာရာရအောင် လုပ်ပေးနိုင်ပါတယ်။ အသည်းကွဲနေတဲ့ သင့်သူငယ်ချင်းကို ကူညီချင်တယ်၊ နာကျင်ခံစားနေရတာ မကြည့်ရက်ဘူးဆိုရင်တော့ ဒီအရာတွေနဲ့ ကူညီပေးလိုက်နော်။

တစ်ယောက်ထဲမနေခိုင်းပါနဲ့

အသည်းကွဲနေရင် တစ်ယောက်ထဲနေချင်ကြတာ များပါတယ်။ တစ်ယောက်ထဲနေတော့ ပိုခံစားပြီး နာကျင်နေရမှာပါ။ ဒီတော့ တစ်ယောက်ထဲမနေခိုင်းပါနဲ့။ သင်ကအဖော်ပြုပေးလိုက်ပါ။ အဆက်အသွယ်အမြဲလုပ်ပါ။

ဂရုစိုက်ပေးပါ

အသည်းကွဲနေတဲ့သူငယ်ချင်းကို သွားတွေ့ပြီး သူပြောတာတွေကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးလိုက်ပါ။ အားပေးပါ။ စိတ်ခွန်အားဖြစ်စေမယ့် စကားတွေပြောပေးပါ။ နှစ်သိမ့်ပေးပါ။ အကြံပေးပါ။ မုန့်လေးဝယ်ပို့ပေးတာပဲဖြစ်ဖြစ်၊ ဝယ်ကျွေးတာပဲဖြစ်ဖြစ် လုပ်ပေးပြီးတော့ ဂရုစိုက်ပေးလိုက်ပါ။

Date လုပ်ပါ

အသည်းကွဲနေတဲ့သူငယ်ချင်းကို အပြင်ခေါ်ထုတ်ပြီး သူနဲ့ Date လုပ်ပါ။ တစ်ယောက်ထဲနေတာထက်စာရင် ကိုယ်ကအဖော်လုပ်ပြီး အပြင်တွေ တူတူလျှောက်သွားပေးတော့ သူလည်းစိတ်သက်သာရာရပြီး စိတ်ပျော်ရွှင်မှုရစေပါတယ်။

ပျော်ရွှင်စေမယ့်အရာတွေဖန်တီးပေးပါ

သူငယ်ချင်းအသည်းကွဲနေတာကို ဘယ်လိုပျော်အောင် လုပ်ပေးရမလဲဆိုရင်တော့ သူပျော်ရွှင်စေမယ့်အရာတွေကို လုပ်ပေးပါ။ အရင်က သူလုပ်ချင်တယ်၊ သွားချင်တယ်၊ စားချင်တယ် ပြောဖူးတာလေးတွေကို လုပ်ပေးတာပဲဖြစ်ဖြစ်၊ လိုချင်တဲ့အရာလေးတွေကို ပေးလိုက်တာပဲဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။

ဟာသတွေပြောပါ

ရယ်စရာတွေ့ရင် မရယ်ပဲအောင့်မထားနိုင်ပါဘူး။ ဒါကြောင့် သူက စိတ်ညစ်စရာတွေပဲ ပြောနေတဲ့အခါ လမ်းကြောင်းပြောင်းပြီး ဟာသလေးတွေပြောတာမျိုး၊ ရယ်စရာတွေပြတာမျိုးနဲ့လည်း သူ့စိတ်သက်သာရာရအောင်၊ ပျော်ရွှင်လာအောင် လုပ်ပေးနိုင်ပါတယ်။ အသေးအမွှားလေးပေမယ့်လည်း ခဏတာ စိတ်သက်သာရာရစေပါတယ်။