သင်က မိဘတွေနဲ့ ဆက်ဆံရေးကို အရင်ထက် တိုးတက်ချင်သူလား။ သင်က အသက်ဘယ်လောက်ပဲ ရောက်ပါစေ၊ မိဘနဲ့ နေတုန်းပဲ ဖြစ်ပါစေ၊ သက်သက် နေပါစေ မိဘနဲ့ အဆင်ပြေအောင် နေချင်မှာပါ။ သင့်စိတ်ထဲ အဆင်ပြေချင်တယ်လို့ ဆုံးဖြတ်လိုက်ရင် ပြောင်းလဲနိုင်ပါတယ်။ လုပ်ရမယ့် နည်းလမ်းတွေကလည်း မခက်ခဲပါဘူး။ ဒီတော့ ကြည့်လိုက်ရအောင်နော်-
၁။ သူတို့ရဲ့ အကြံပေးစကားကို နားထောင်ပါ
နားထောင်ရုံပါပဲ။ လုပ်ခိုင်းတာ မဟုတ်ပါဘူး။ သင်က အသက်အရွယ်တစ်ခု ရရင်တောင် ငါအကုန်သိတယ်ဆိုတဲ့ စိတ်နဲ့ မိဘရဲ့ စကားကို နားမထောင်တာမျိုး မလုပ်သင့်ပါဘူး။ သင့်ထက် အသက်ကြီးတဲ့ မိဘတွေမှာ သင့်ထက် ပိုများတဲ့ ဗဟုသုတတွေ၊ ဘဝ အတွေ့အကြုံတွေ ရှိမှာပါ။ မိဘတွေ ပြောတာကို နားထောင်သင့်သလို လိုအပ်ရင် သူတို့ရဲ့ အကြံပေးချက်အတိုင်း လုပ်သင့်ပါတယ်။
၂။ အချက်အလက်တိုင်း အသေးစိပ်ပြောစရာ မလိုပါဘူး
သင့်အပေါ် အသေးစိပ်အစ ထိန်းချုပ်နေတဲ့ မိဘတွေ ရှိတယ်ဆိုရင် သင်က သူတို့ကို ပြောပြတဲ့အခါ အသေးစိပ် အကုန်မပြောသင့်ပါဘူး။ သူတို့ စိတ်ပူရမယ့် အရာတွေကို ချန်လှပ်လို့ ရရင် ချန်လှပ်ထားသင့်ပါတယ်။ သင်က အကုန်ပြောပြလေလေ မိဘတွေက အကုန်တွေးပြီး စိတ်ပူလေပါပဲ။
၃။ ဆက်သွယ်ပါ
မိဘတွေက သားသမီးတွေ ဆီက ဖုန်းခေါ်တာ၊ လာလည်တာကို မျှော်လင့်တတ်ကြပါတယ်။ သင်က မိဘတွေနဲ့ အဆင်ပြေချင်တယ်ဆိုရင် အားစိုက်ထုတ်သင့်တာကို ထုတ်သင့်ပါတယ်။
၄။ လေးစားပါ
သူတို့ပြောတာကို သင်က သဘောမတူနိုင်ပေမယ့် သူတို့စကားကိုတော့ တလေးတစား ရှိသင့်ပါတယ်။ သင်နဲ့ သင့်မိဘတွေက ပုံစံမတူရင်တောင် သူတို့ကို အတင်းပြောင်းလဲယူလို့ မရပါဘူး။
၅။ ရက်ထူးရက်မြတ်တွေကို သတိရပါ
အမေများနေ့၊ အဖေများနေ့၊ အမေအဖေ မွေးနေ့ စတာတွေကို မှတ်မိသင့်ပါတယ်။ သူတို့နဲ့ ဆက်ဆံရေးကောင်းချင်ရင် ဒီလိုနေ့တွေမှာ လက်ဆောင်တွေ ဝယ်ပေးသင့်ပါတယ်။ လက်ဆောင်မပေးရင်တောင် အနည်းဆုံး အသိအမှတ်ပြုကာ သတိတရ ရှိသင့်ပါတယ်။
၆။ သူတို့ဘဝတွေကို စိတ်ဝင်စားပါ
သူတို့ဘာတွေ ဖတ်နေလဲ၊ ဘာတွေ စားနေလဲ စတာတွေကို စိတ်ဝင်တစား ရှိသင့်ပါတယ်။ ဒီလိုဆိုရင် သူတို့အာရုံက သင့်ဆီကို ရောက်တာ နည်းသွားပါလိမ့်မယ်။
၇။ သူတို့နဲ့ ဆက်ဆံရေးကို အာရုံစိုက် ကြည့်ကြည့်ပါ
သင်ဟာ အသက်အရွယ်ရလာလေ မိဘတွေနဲ့ ဆက်ဆံရေးဟာ ပြောင်းလဲလာလေပါပဲ။ သင်ငယ်စဉ်က မိဘတွေကို အားကိုးပေမယ့် မိဘတွေဟာ အသက်အရွယ်ကြီးလာရင် သားသမီးတွေကို အားကိုးချင်လာကြပါတယ်။ သင်နဲ့ မိဘတွေရဲ့ ဆက်ဆံရေးက ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်း ဆက်ဆံရေးလိုပါပဲ။ ဆက်ဆံရေး ပြောင်းလဲလာတာကို သင့်အနေနဲ့ သတိထား ကြည့်သွားသင့်ပါတယ်။
Photo Source: Pinterest
by MyStyle Myanmar