အံ့သြစရာကောင်းလောက်အောင် ဆံပင်က ကောင်းပြီးလှနေတဲ့မိန်းကလေးမြင်ရင် မိန်းကလေးချင်းတောင် အားကျမိတတ်ကြပါတယ်။ ဒီလိုမျိုး လှတဲ့ ဆံပင်မျိုးလိုချင်ရင်တော့ ရှောင်သင့်တဲ့ ဆောင်သင့်တဲ့အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

ပိုးသားခေါင်းအုံးစွပ်သုံးပါ

ညအိပ်တဲ့အချိန် ပိုးသားခေါင်းအုံးစွပ်က ပွတ်တိုက်မှုကို ရှောင်ရှားရုံသာမက အအေးဒဏ်ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။

ဆံပင်ဖြီးပါ

ညဘက် အိပ်ရာမဝင်ခင် အနည်းဆုံး အကြိမ် 100 ခန့် ဆံပင်ဖြီးပေးပါ။ ဒါက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်ကြီးထွားမှုကိုလည်း အားကောင်းစေပါတယ်။

ဆံပင်ကိုတင်းနေအောင်မစည်းပါနဲ့

မအိပ်ခင် ဆံပင်ကိုတင်းနေအောင်စည်းတာက ဆံပင်ကျွတ်တာ ၊ ပြတ်တာမျိုးတွေဖြစ်တတ်တာမလို့ ဆံပင်ကိုတင်းနေအောင်ချည်မယ့်အစား ကျစ်ဆံမြီးကျစ်အိပ်ပါ။

စိုနေတုန်းမဖြီးပါနဲ့

ဆံပင်ရေစိုနေတဲ့အချိန်မှာ ခေါင်းဖြီးတာက ဆံသားကျိုးတာ ဒါမှမဟုတ် ပျက်စီးတာတို့ကို ဖြစ်စေပါတယ်။

နှိပ်ပေးပါ

ဦးရေပြားကို အာဟာရဖြစ်စေတဲ့ အဆီတွေနဲ့ တစ်ပတ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် နှိပ်နယ်ပေးပါ။ ဒါက သွေးလည်ပတ်မှုကောင်းစေပြီး ဆံပင်ကြီးထွားမှုကိုလည်း အားကောင်းစေပါတယ်။

Dry Shampoo သုံးပါ

ခေါင်းလျှော်ဖို့ အချိန်မရှိတဲ့အချိန် နဲ့ အဆီပြန်တဲ့ အချိန်မှာ Dry Shampoo သုံးဖို့ မတွန့်ဆုတ်ပါနဲ့။ Dry Shampoo က အဆီပိုတွေနဲ့ အဆီပြန်တာကို စုပ်ယူပေးတာကြောင့် ဆံသားကို ချက်ခြင်း လန်းဆန်းစေပါတယ်။

အာဟာရဓာတ်များစားပေးပါ

ဆံကေသာကို အာဟာရဖြစ်စေတဲ့ ပရိုတင်း၊ သံဓာတ်၊ ဇင့်၊ နှင့် အိုမီဂါ-၃ ဖက်တီးအက်ဆစ်များကဲ့ အစားအစာများကို ရွေးစားပေးပါ။

နေရောင်ခြည်ဒဏ်မှကာကွယ်ပါ

နေရောင်ခြည်က အသားအရေကို ပျက်စီးစေရုံသာမက ဆံပင်အတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် အပြင်ထွက်မယ်ဆို ဦးထုပ်ဆောင်းပါ ဒါမှမဟုတ် ထီးဆောင်းပါ။

ခေါင်းလျှော်ရည်ကို ဦးရေပြားပေါ်တိုက်ရိုက်မတင်ပါနဲ့

ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ကို ဦးရေပြားပေါ်တိုက်ရိုက်မတင်ဘဲ ရေနဲ့ရောပြီးမှသာ သုံးပေးပါ။ ဒီလိုသုံးတာက သဘာဝအဆီပိုတွေကို ဖယ်ထုတ်ပြီး ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။