မိန်းကလေးတွေဟာ လူတွေကို စူးစမ်းတဲ့နေရာမှာ ယောင်္ကျားလေးတွေထက် သာတဲ့အချက်တွေ ရှိပါတယ်။ နောက်တစ်ခုက သူတို့မြင်တဲ့အရာကိုလည်း တော်တော်နဲ့ မမေ့တဲ့မှတ်ဉာဏ်မျိုး ရှိတတ်ပါတယ်။

ဒါကြောင့်ပဲ ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ မိန်းကလေးတွေ မျက်လုံးနဲ့ မှတ်ဉာဏ်မှာ ကိုယ့်ကို အမှတ်ကောင်းပေးစေချင်ရင် ဒီလို သတိထားတတ်တယ်ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။

(၁) ဝတ်စားဆင်ယင်ပုံ

စတွေ့တုန်းက မောင်က ဘယ်လိုအင်္ကျီလေးနဲ့ ဘယ်အရောင်လေးနဲ့ ဆိုတာမျိုးကို သမီးရည်းစားတွေ စားမြုံ့ပြန်ချိန်မှာ ကြားဖူးကြမှာပါ။ ဒီလိုအချိန်မှာ ယောင်္ကျားလေးအတော်များများများက ပြန်တောင် စဉ်းစားလို့မရဘူး ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။

မိန်းကလေးတွေဟာ သင် ဘာနဲ့သူ့ဆီ လာတယ် ၊ ဘယ်လိုအင်္ကျီ/ဘောင်းဘီဝတ်ပြီး ဘယ်လို ဖိနပ်တံဆိပ်စီးလာတယ်ဆိုတာကို သင့်ထက်တောင် သိနိုင်စွမ်း ရှိပါတယ်။

(၂) အမူအယာ

ကောင်မလေးတွေ သတိထားမိတတ်တဲ့ နောက်တစ်ခုက Body Language ဖြစ်ပါတယ်။ သင့်လမ်းလျှောက်ပုံ ၊ နေပုံထိုင်ပုံနဲ့ လှုပ်ရှားသွားလာပုံကို ခဏချင်းအတွင်းမှာ မိန်းကလေးတွေဟာ သင့်မိခင်ထက် ပိုမြင်တတ်ပါတယ်။

(၃) မျက်လုံး

မိန်းကလေးတွေဟာ ယောင်္ကျားလေးတစ်ယောက်ရဲ့ စိတ်ကို ဖတ်ဖို့ Eye Contact လည်း လုပ်ပါတယ်။ အကြည့်တွေကို အဓိပ္ပါယ်ခွဲခြမ်းစိတ်ဖြာတာမျိုးကိုလည်း သိပ်ကို လျင်လျင်မြန်မြန်နဲ့ အလုပ်လုပ်တတ်ပါတယ်။

(၄) စကားလုံးတွေ

အပေါ်ဆုံးမှာ ပြောခဲ့သလိုပါပဲ။ မိန်းကလေးတွေဟာ လူတွေကို စူးစမ်းလေ့လာတဲ့နေရာမှာ ယောင်္ကျားလေးအတော်များများထက် တော်ပါတယ်။ သင်ပြောသမျှ စကားလုံးတိုင်းကို ပုဒ်ဖြတ် ပုဒ်ရပ် ၊ စကားဆက်နဲ့တကွ လေယူလေသိမ်းအတက်အကျပါ မကျန် လေ့လာအကဲခတ်ပါတယ်။

သိပ်ပြီး လေးနက်လွန်းတဲ့အကြောင်းအရာတွေနဲ့ စကားဝိုင်းမတည်မိစေဖို့ လိုသလို အရမ်းကြီးလည်း မပေါပါစေနဲ့။ တတ်နိုင်သမျှ ရွှင်မြူးကြည်နူးဖို့ ကောင်းဖို့ အမှတ်တရဖြစ်စေမယ့် အကြောင်းအရာလေးတွေ ပြောတာမျိုး လုပ်သင့်ပါတယ်။