သင်ပိုက်ဆံစုဖို့ ခက်ခဲနေတဲ့ အကြောင်းအရင်းအများစုကတော့ ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်လို့၊ ကိုယ်မလိမ်မာလို့ပါပဲ။ အခုပြောပြပေးမယ့် ဒီအရာတွေကို လုပ်နေသရွေ့ကတော့ သင်ဘယ်တော့မှ ပိုက်ဆံစုဖြစ်မှာမဟုတ်ပါဘူး။

အပြင်ထွက်စားခြင်း

အိမ်မှာကိုယ့်ဘာသာ ဈေးသွားပြီးကိုယ်တိုင်ချက်ပြုတ်စားတာမဟုတ်ဘဲ အပြင်ပဲထွက်ပြီး ဝယ်စားတတ်သူတွေအဖို့တော့ ကိုယ့်လုပ်ရပ်မှန်မမှန်ပြန်တွေးဖို့ အချိန်ရောက်ပါပြီ။ စားသောက်ဆိုင်တွေမှာရောင်းနေတဲ့ အစားအစာတွေက ညဖက်ဆိုရင် ပိုပြီးဈေးများတတ်လို့ ကိုယ့်ဘာသာအိမ်မှာဝယ်ပြီး ချက်စားမယ်ဆို ပိုပြီးပိုက်ဆံစုနိုင်ပါတယ်။ မဖြစ်မနေ ဝယ်စားရမယ့် အခြေအနေမျိုးတွေလောက်မှာသာ အပြင်မှာဝယ်စားပါ။

ဈေးကြီးပေးပြီး အွန်လိုင်းချန်နယ်လ်တွေဝယ်ကြည့်ခြင်း

Spotify, YouTube တို့လို အွန်လိုင်း Services တွေမှာပါတဲ့ ကြော်ငြာတွေမကြည့်ချင်ဘူး၊ အကြည်လေးမှကြည့်ချင်တယ်ဆိုရင် ပရီမီယံဗားရှင်းဝယ်မှဖြစ်မှာပါ။ ကြော်ငြာလေး စက္ကန့် ၃၀ လောက်လာတာကိုမှ သည်းမခံနိုင်ဘူးဆိုရင် ပိုက်ဆံစုဖို့ကိုလည်း သင်စိတ်ရှည်မှာမဟုတ်ပါဘူး။

ထီထိုးခြင်း

ဘယ်တော့ပေါက်မလဲ၊ ပေါက်မယ့်ကံပါပါ့မလားဆိုတာ မသိနိုင်ဘဲနဲ့ ကံကိုပုံအပ်ပြီး ထီထိုးတာက ပိုက်ဆံကိုကြီးကြီးမားမားဖြုန်းနေတဲ့လုပ်ရပ်ပါ။ တစ်ခါတစ်ရံ တစ်စောင်လောက် အပျော်ထိုးတာက ကိစ္စမရှိပေမယ့် ပေါက်မလား မပေါက်မလား မသေချာတဲ့လုပ်ရပ်မို့လို့ ကိုယ်ကြိုးစားရှာထားရတဲ့ပိုက်ဆံကို အလဟဿမဖြုန်းလိုက်ပါနဲ့။

ဒစ်စကောင့်ချတာတွေ့တိုင်း ဝယ်တတ်ခြင်း

မဝယ်နဲ့လို့မပြောပါဘူး။ ဒီပစ္စည်းက ကိုယ်လည်းတစ်ကယ်လိုအပ်တယ်၊ ဈေးချနေတဲ့အချိန်နဲ့လည်း အံကိုက်ဖြစ်သွားတယ်ဆိုရင် ဝယ်လိုက်ပါ။ တချို့လူတွေက Discount ဆိုတာတွေ့လိုက်တာနဲ့ကို ကိုယ့်အတွက်အသုံးလိုမလို သေချာမစဥ်းစားဘဲ အပြေးဝယ်ပြီး ပိုက်ဆံဖြုန်းတတ်ကြပါတယ်။

Gym တွေမှာ Member ဝင်ခြင်း

Gym တွေကို တကူးတကသွားပြီး လေ့ကျင့်ခန်းလုပ်မယ့်အစား လိုအပ်တဲ့ပစ္စည်းနည်းနည်းပါးပါးဝယ်၊ အွန်လိုင်းက ဗီဒီယိုတွေကြည့်ပြီး ကိုယ့်အိမ်မှာပဲကိုယ် လေ့ကျင့်ခန်းလိုက်လုပ်နိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ Gym သွားမှထိရောက်တယ်လို့ ခံစားရတယ်ဆို ပိုက်ဆံပေးထားရတာနဲ့တန်အောင် မပျက်မကွက်နဲ့ Gym သွားဆော့ပါ။

စိတ်အလိုလိုက်ပြီး ပစ္စည်းတွေလျှောက်ဝယ်ခြင်း

ဒီပစ္စည်းက ကိုယ့်အတွက်လိုအပ်လား၊ ကိုယ်တကယ်လိုအပ်လားဆိုတာ မစဥ်းစားမဆင်ခြင်ဘဲ ကြိုက်တာနဲ့ကောက်ဝယ်လိုက်တတ်တဲ့ လူတွေရှိပါတယ်။

ဖုန်းအသစ်အမြဲလဲခြင်း

ကိုယ်လက်ရှိကိုင်နေတဲ့ဖုန်းက ဘယ်လောက်ပဲသုံးလို့ရသေးရသေး ဖုန်းအသစ်ထွက်တယ်လို့ကြားလိုက်တာနဲ့ အသစ်လေးပြေးဝယ်ပြီးကိုင်လိုက်ရမှ ကျေနပ်ကြတဲ့စိတ်ကို အမြန်ဆုံးဖျောက်ဖျက်ပါ။ သူများရဲ့အားကျမှုတွေက သင်အသက်ကြီးလာရင် ထမင်းကျွေးထားမှာမဟုတ်ပါဘူး။ မလိုတာမသုံးဘဲ ချွေတာသုံးပြီး ပိုက်ဆံစုမှ အရွယ်ရလာတဲ့အခါ ပူစရာမလိုမှာပါ။