ချစ်သူရည်းစားနဲ့ပြတ်တဲ့အချိန် တချို့တွေက သွေးပူပြီး စိတ်တိုဒေါသထွက်ကာ အရှက်ခွဲတာမျိုး၊ စိတ်ထင်သလိုလုပ်ပစ်လိုက်တာမျိုးတွေက နောင်တစ်ချိန်သွေးအေးသွားတဲ့အခါ ကိုယ့်အတွက် နောင်တရစရာတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုလုပ်လိုက်တာက သင့်အတွက်ရော သူ့အတွက်ပါ ဘာကောင်းကျိုးမှ မရှိပါဘူးနော်။ ဒါကြောင့် ကိုယ်နဲ့ ရေစက်ကုန်သွားလို့ ပြတ်သွားတဲ့ရည်းစားအပေါ် ဒီအရာတွေကိုတော့ လုံးဝမလုပ်သင့်ပါဘူး။

ကဲ..ဘယ်လိုအကြောင်းမျိုးတွေကြောင့်ပဲပြတ်ပြတ် ဘယ်လိုအရာတွေကိုတော့ သင် လုံးဝမလုပ်သင့်သလဲဆိုတာ…

Social mediaပေါ် တင်ပြီး ပေါက်ကွဲပစ်လိုက်တာမျိုးတွေ မလုပ်ပါနဲ့

တော်တော်များများက ရည်းစားနဲ့ပြတ်ပြီဆိုရင် Social Media မှာ ဖြစ်ကြောင်းကုန်စင် တင်လေ့ရှိကြတယ်။ ဒီလိုတင်တော့ ကိုယ့်အတွင်းရေးကို လူတစ်ကာသိသွားတာပဲရှိမယ်။ ကိုယ်ကတော့ သူ့ကိုမကျေနပ်လို့ သူ့ကိုအရှက်ကွဲအောင် တင်လိုက်ပေမယ့် ကိုယ်လည်း အရှက်ကွဲရပါတယ်။ ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်တာပေါ့။ ဒါကြောင့် ကိုယ့်အတွင်းရေးကို အမြဲလျှို့ဝှက်ထားပါ။ သူများက ကိုယ်ပြောမှသာ သိရတာပါ။

ကိုယ့်ကိုယ်ကိုထိခိုက်အောင် မလုပ်ပါနဲ့

ရည်းစားနဲ့ပြတ်လို့ စိတ်တိုရင်ပဲဖြစ်ဖြစ်၊ ဝမ်းနည်းနာကျင်လို့ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် ဘယ်တော့မှမလုပ်ပါနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ပြတ်ရင် ခံစားရမှာပါပဲ။ ခံစားရတိုင်းသာ ကိုယ့်ကိုယ်ကိုနာကျင်အောင် လုပ်မယ်ဆိုရင် ကိုယ်ပဲထိခိုက်မှာပါ။ အချိန်က ကုစားပေးသွားပါလိမ့်မယ်။ ကိုယ်အဆင်ပြေသွားတဲ့အချိန်တစ်ခုကိုရောက်လာရင် ဒါတွေက ဟာသတစ်ခုလိုတောင် ဖြစ်သွားမှာပါနော်။

စိတ်ထင်ရာစိုင်းတာမျိုးမလုပ်ပါနဲ့

ရည်းစားနဲ့ပြတ်ရင် မကျေနပ်လို့ဆိုပြီး ထင်ရာစိုင်းတာမျိုး၊ ပြဿနာရှာပြီး မျက်နှာပျက်ရအောင်လုပ်တာမျိုးတွေက လုံးဝမလုပ်သင့်ပါဘူး။ အရမ်းလည်းမတွေးနဲ့၊ အရမ်းကြီးလည်းခံစားမနေပါနဲ့။ ကိုယ့်ကိုယ်ကိုသာ ပျော်အောင်ထားပြီး အဆင်ပြေသလိုနေ၊ အချိန်တစ်ခုကိုဖြတ်ကျော်ပြီးသွားရင် အရာရာ အဆင်ပြေသွားပြီး သင့်ရဲ့ပျော်ရွှင်မှုအစစ်အမှန်ကို တွေ့ရှိလာမှာပါ။