မိတ်ကပ်မလိမ်းထားရင်တောင်မှ Eyelash Extension လုပ်ထားရင် ဆွဲဆောင်မှုရှိတဲ့ Look ကို အချိန်တိုင်းရနိုင်တာမလို့ အခုဆို Eyelash Extension ကမိန်းကလေးတွေကြား ပိုပြီးရေပန်းစားလာပါပြီ။ ဒါပေမယ့် သင်က အခုမှ Eyelash Extension စလုပ်မှာဆိုရင်တော့ ဒီအချက် ( ၆ ) ချက်ကို သတိထားဖို့တော့ လိုပါတယ်။

ကျွမ်းကျင်မှုအဆင့်

သင့်ကို မျက်တောင်ဆက်ပေးမယ့်ပညာရှင်က ကျွမ်းကျင်မှုအဆင့်ရှိတဲ့သူလား ? မျက်တောင်ဆက်မယ့်နေရာ ကကော သန့်ရှင်းသပ်ရပ်မှု ရှိရဲ့လား ? စတာတွေကို မျက်တောင်မဆက်ခင်မှာ အရင်သေချာရွေးချယ်ပါ။

ဓာတ်မတည့်မှုရှိ/မရှိ

မျက်တောင်ဆက်တဲ့နေရာမှာ အသုံးပြုတဲ့ကော်က သက်တမ်းကုန်ဆုံးရက် မကျော်လွန်ကြောင်း အတည်ပြုဖို့နဲ့ ဓာတ်မတည့်မှုရှိ/မရှိ သိရဖို့ လက်ကောက်ဝတ်အတွင်းမှာ အရင်စမ်းသပ်ကြည့်ပါ။

ငွေကြေး

မျက်တောင်ဆက်ပြီးရင် များသောအားဖြင့် အချိန်က တစ်လဝန်းကျင်လောက်သာ ခံတာမလို့ အမြဲဆက်နေမယ်ဆို ငွေကြေးကုန်ကျမှု ရှိလာနိုင်ပါတယ်။ ဒါကလည်း မျက်တောင်ဆက်မယ်ဆိုရင် မဖြစ်မနေထည့်တွက်သင့်တဲ့ အချက်တစ်ချက်ပါပဲ။

အချိန်

မျက်တောင်ဆက်တာက အလျင်စလိုမလုပ်သင့်တဲ့အရာမလို့ ကြာချိန်က ၂ နာရီဝန်းကျင်လောက်အထိ ကြာနိုင်ပါတယ်။ ဒါကြောင့် မျက်တောင်ဆက်ဖို့ ရက်ချိန်းကြိုတင်စာရင်းသွင်းပြီးရင် အဲ့နေ့မှာ မျက်တောင်ဆက်ဖို့အချိန် သီးသန့်ပေးပါ။ မလောပါနဲ့။

ဂရုစိုက်မှု

မျက်တောင်ဆက်ပြီးသွားရင် နေ့တိုင်း မျက်တောင်ကော့ဖို့ Mascara လိမ်းဖို့ မလိုတော့ပေမယ့် တခြားအရာတွေမှာ ပြောင်းလဲမှုရှိလာနိုင်ပါတယ်။ ဥပမာ- လက်ရှိသုံးနေတဲ့ မိတ်ကပ်ဖျက်ဆေးက အဆီပါတယ်ဆိုရင် ဆက်ထားတဲ့မျက်တောင်ကို မထိခိုက်စေဖို့ Oil-Free ဖြစ်တဲ့ မိတ်ကပ်ဖျက်ဆေးကို ပြောင်းသုံးပေးဖို့ လိုအပ်ပါတယ်။

အကျင့်

ပင်ပန်းလာတဲ့အချိန် မျက်လုံးကိုပွတ်တဲ့အကျင့် ရှိလား ? ဒီလိုပွတ်တာက မျက်တောင်ဆက်ထားတဲ့အချိန် ပွတ်မိရင် ဆက်ထားတဲ့မျက်တောင်ကျွတ်တာ ပြုတ်တာမျိုးတွေ ဖြစ်နိုင်တာမလို့ ဒီအကျင့်ကို မဖြစ်မနေပြင်ရမှာပါ။