လူတိုင်းလိုလိုမှာ စိတ်ညစ်ရတဲ့ ရက်၊ မပျော်တဲ့ ရက်တွေ ရှိမှာပါ။ ဒီလို မပျော်ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ အဆိုးမြင်စိတ် များတာပါ။ သင်က အဆိုးမြင်စိတ်တွေ လက်ရှိမှာ အတွေးများနေတယ်ဆိုရင် ဖုန်းတစ်နေ့လုံး သုံးတာ၊ ဘာမှ မလုပ်ဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။ ဒီလိုလုပ်တာက သင့်စိတ်အခြေအနေကို ပိုဆိုးစေပါတယ်။ ဒါ့အပြင် ကိစ္စအကြီးကြီးရယ်မှ စိတ်ညစ်ရမယ် ဆိုပြီး မရှိပါဘူး။ လူတိုင်းမှာ သူ့ဘဝအခြေအနေ အလိုက် စိတ်ညစ်စရာတွေ ရှိတာမို့လို့ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ စိတ်ညစ်တယ် ဆိုပြီး သင့်ကိုယ်သင် အပြစ်မတင်သင့်ပါဘူး။ သင်က ဒီအကြောင်းအရာကို လာဖတ်တာနဲ့တင် ဂုဏ်ယူစရာ ဖြစ်နေပါပြီ။ ဒီတော့ စိတ်ညစ်တဲ့အချိန် ပြုလုပ်သင့်တဲ့ အရာတွေကို ကြည့်လိုက်ရအောင်နော်-

၁။ လက်ဖက်ရည်တစ်ခွက်သောက်ပါ

လက်ဖက်ရည်မှာမှ Green Tea ကို ရွေးချယ်သင့်ပါတယ်။ Green Tea က သင့်ကျန်းမာရေးအတွက် သင့်တော်သလို စိတ်ဖိစီးမှုကိုပါ လျော့ကျစေတဲ့ ဖျော်ရည်တစ်မျိုးပါ။ သင်က စိတ်ညစ်နေတယ်ဆိုရင် Green Tea တစ်ခွက် ဖျော်ပြီး သောက်သင့်ပါတယ်။

၂။ စာဖတ်ပါ

စာဖတ်တဲ့အခါ သင့်ခေါင်းထဲ အတွေးသစ် တွေ ဝင်လာပြီး လောကကို မြင်တဲ့ အမြင်သစ်တွေ ပေါ်ပေါက်လာပါလိမ့်မယ်။ ဒါ့အပြင် ရသ စာပေတွေကို ဖတ်တဲ့အခါ သင်အရင်ထက် ကိုယ်ချင်းစာစိတ် တိုးလာပြီး အရင်ထက် ရင့်ကျက်လာပါလိမ့်မယ်။

၃။ သူငယ်ချင်းတစ်ယောက်ကို ဖုန်းခေါ်ပါ

သင့်မှာ အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက် မရှိရင်တောင် သင်ခင်မင်တယ်လို့ ယူဆရတဲ့ လူတစ်ယောက်ကို ဖုန်းခေါ်ပြီး လက်ရှိ သင့်အခက်အခဲတွေကို ပြောပြသင့်ပါတယ်။ သူတို့ သင့်ကြောင့် အလုပ်ရှုပ်သွားမလားဆိုတဲ့ အတွေးတွေကို အတတ်နိုင်ဆုံး လျှော့ချသင့်ပါတယ်။

၄။ ခဏတဖြုတ်အိပ်ပါ

အိပ်လိုက်တာက သင့်ကို အားအင်အသစ်တွေ ပြန်ဖြည့်ပေးနိုင်ပါတယ်။ သင့်စိတ်တွေလည်း စိတ်ညစ်ခါစလောက် မဆိုးတော့ဘဲ သက်သာလာပါလိမ့်မယ်။

၅။ ရေချိုးပါ

ရေချိုးလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက အပူတွေ လျော့သွားပြီး ကိုယ်လက်ပေါ့ပါးသွားစေပါတယ်။ ဒါ့အပြင် ရေချိုးရင်း သင့်အတွေးတွေလည်း အပြုသဘောဘက် ပြောင်းလဲသွားနိုင်ပါတယ်။

၆။ စာအုပ်ပေါ်မှာ ချရေးပါ

သင့်ပြဿနာတွေကို စာအုပ်တစ်အုပ်ထဲ ချရေးတဲ့အခါ အရင်ထက် စိတ်ပေါ့ပါးသွားပါလိမ့်မယ်။ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်လဲ၊ သင့်မှာ ကောင်းတဲ့အရာတွေ ဘာတွေရှိလဲ စတာတွေကို စာအုပ်ထဲ ချရေးသင့်ပါတယ်။

၇။ သင်ကြိုက်တာတွေ စားပါ

ဒါကတော့ သင်အကြိုက်ဆုံး အချက်ဖြစ်မှာပါ။ စိတ်ညစ်တဲ့အချိန် တစ်ခါလောက် ကိုယ်ကြိုက်တာလေးတွေ မှာစားလိုက်တာက သင့်ကို ပျော်ရွှင်သွားစေပါလိမ့်မယ်။

၈။ အပင်စိုက်ပါ

အပင်တွေနဲ့ အတူတူ ရှိတာက သင့်ကို စိတ်ပေါ့ပါးစေပါလိမ့်မယ်။ ဒါ့အပြင် အရင်ထက် စိတ်ချမ်းသာလာတာကို အပင်စိုက်ဖူးသူတွေ သိမှာပါ။

၉။ စက်ဘီးစီးပါ

စက်ဘီးစီးတာက ကျန်းမာရေးအတွက် သင့်တော်သလို လေကောင်းလေသန့် ရှူရှိုက်ပြီး အပြင်လောကနဲ့ ခဏ ထိတွေ့ခွင့်ရတာကြောင့် သင်စိတ်ညစ်တဲ့အချိန် အပြောင်းအလဲ ဖြစ်ပါလိမ့်မယ်။

၁၀။ သန့်ရှင်းရေးလုပ်ပါ

သင်စိတ်ရှုပ်ရတဲ့ အကြောင်းအရင်းက ရှုပ်ပွနေတဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အကြောင့် ကိုယ့်ဝန်းကျင်ကို ဂရုတစိုက် သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

၁၁။ သီချင်းနားထောင်ပါ

သီချင်းနားထောင်ပေးတာက သင့်စိတ်ညစ်တဲ့ခံစားချက်ကို သက်သာစေပါလိမ့်မယ်။ သီချင်းအေးတွေ နားထောင်နိုင်သလို သင့်ကို စိတ်ခွန်အားပြန်ရစေမယ့် သီချင်းတွေကိုလည်း ရွေးချယ် နားထောင်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar