ကိုယ်ချစ်ရတဲ့သူတွေဆီက သစ္စာဖောက်ခံရတဲ့ခံစားချက်ကအရမ်းဆိုးပါတယ်။ အထူးသဖြင့် ကိုယ်ယုံကြည်ထားတဲ့ လက်တွဲဖော်ချစ်သူဆီက သစ္စာဖောက်ခံရတဲ့အခါမှာ ဒေါသစိတ်၊ ခံပြင်းစိတ်တွေနဲ့အတူ ကိုယ်တိုင်နဲ့ အခြားသူတွေအပေါ်မှာ အကောင်းမြင်စိတ်နဲ့ ယုံကြည်မှုလျှော့နည်းလာတာ၊ စိတ်ဖိစီးမှုများပြီး ကိုယ့်ကိုကိုယ်အားမလိုအားမရဖြစ်တာစတဲ့ ခံစားချက်မျိုးစုံဖြစ်လာတတ်ပါတယ်။ ဒီလိုစိတ်ဒဏ်ရာတွေကနေ အပြီးတိုင်ရုန်းထွက်နိုင်ဖို့ကလည်း ထင်သလောက်မလွယ်ပါဘူး။ ဖြေးဖြေးချင်း အချိန်ယူပြီး အာရုံပြောင်းပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာ ချစ်သူဆီကသစ္စာဖောက်ခံရပြီးနောက် ကိုယ့်စိတ်ကိုပြန်လည်ကုစားနိုင်ဖို့ ပြုလုပ်ပေးသင့်တဲ့ အရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ သင့်အပြစ်မဟုတ်ကြောင်း လက်ခံပါ


သစ္စာဖောက်တတ်တဲ့သူတွေက ပြုပြင်ရခက်ပါတယ်။ သင့်အနေနဲ့ သစ္စာဖောက်ခံရတာဟာ ကိုယ်နဲ့မဆိုင်ဘဲ တစ်ဖက်လူရဲ့ အားနည်းချက်ကြောင့်ဖြစ်တယ်ဆိုတဲ့အချက်ကို လက်ခံထားပြီး ကိုယ့်ကိုကိုယ် အပြစ်တင်မယ့်အတွေးတွေကို ဖယ်ရှားလိုက်ဖို့လိုပါတယ်။

၂။ သင့်ဘဝတိုးတက်မှုအတွက်ပိုပြီး အာရုံစိုက်ပါ


သင့်အပေါ်သစ္စာဖောက်သူတွေကြောင့် စိတ်ညစ်နေမယ့်အစား စိတ်ဝင်စားတဲ့ဘဝတိုးတက်မှု လမ်းကြောင်းတွေကိုရှာဖွေပြီး ကိုယ့်ကိုကိုယ်အာရုံစိုက်ပေးပါ၊ ဘဝအတွက်မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပြီး ကိုယ့်အားကိုယ်ကိုးတတ်ခြင်းက သင့်ကိုသင်ယုံကြည်မှုပိုရှိစေနိုင်ပါတယ်။

၃။ စိတ်ရောကိုယ်ပါ အဆင့်သင့်ဖြစ်မှ ချစ်သူသစ်ထားပါ


သစ္စာဖောက်သွားတဲ့သူကိုမေ့နိုင်ဖို့ စိတ်အပြောင်းအလဲအနေနဲ့ ချက်ချင်း ချစ်သူသစ်ရှာတာမျိုးကိုလည်း မလုပ်သင့်ပါဘူး။ ဒါဟာ ခဏတာအတွက်ပဲဖြစ်ပြီး အချိန်ကြာတာနဲ့အမျှ သင့်ကိုယ်သင်ဖိအားပေးနေသလို ဖြစ်စေပါလိမ့်မယ်။

၄။ လူတစ်ယောက်နဲ့တစ်ယောက် မတူညီကြောင်း ကိုယ့်ကိုကိုယ်သတိပေးပါ


လူတွေကိုမယုံကြည်ရဲတဲ့အတွေးတွေနဲ့ ကိုယ့်ကိုကိုယ်ပိတ်လှောင်ထားတာမျိုးမလုပ်မိဖို့လည်း အရေးကြီးပါတယ်။ လူတိုင်းက သစ္စာဖောက်တတ်တဲ့သူတွေမဟုတ်ကြပါဘူး။ သင့်အနေနဲ့ ဒါကိုလက်ခံနိုင်အောင် ကြိုးစားဖို့လိုပါတယ်။

၅။ သင့်ရည်းစားဟောင်း ဒါမှမဟုတ် ရည်းစားဟောင်းရဲ့ချစ်သူသစ်အကြောင်းတွေ သိအောင်မကြိုးစားပါနဲ့


သစ္စာဖောက်တွေရဲ့အကြောင်းသိရလို့ ကောင်းကျိုးမရှိပါဘူး။ သင်မရှိဘဲပျော်ရွှင်နေတာတွေကို မြင်ရတဲ့အခါ တစ်ဖက်လူရဲ့ရည်းစားသစ်နဲ့ သင့်ကိုယ်သင် နှိုင်းယှဉ်မိပြီး စိတ်ဓာတ်ကျလာစေတဲ့အပြင် အဆိုးမြင်စိတ်လည်း ပိုတိုးစေနိုင်ပါတယ်။

၆။ သင့်ပတ်ဝန်းကျင်ကို အကောင်းမြင်စိတ်များတဲ့သူတွေနဲ့ ဝန်းရံထားပါ


သင့်ဘေးမှာရှိတဲ့မိတ်ဆွေသူငယ်ချင်းတွေက သင့်စိတ်ကိုအနည်းအများလွှမ်းမိုးနိုင်ပါတယ်။ ကိုယ့်အနားမှာ အကောင်းမြင်စိတ်များပြီး ခွန်အားဖြစ်စေတဲ့မိတ်ဆွေတွေနဲ့ ဝန်းရံထားခြင်းက သစ္စာဖောက်ခံရခြင်းကြောင့် ရလာခဲ့တဲ့စိတ်ဒဏ်ရာတွေကိုကုစားနိုင်ဖို့အားတစ်ခုဖြစ်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar