အသည်းကွဲတာက ခံရခက်တဲ့ဝေဒနာ တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ကို ပြန် မကြိုက်လေချင်း၊ ကိုယ့်ကို ထားခဲ့လေခြင်း စတဲ့ အကြောင်းအမျိုးမျိုး နဲ့ အသည်းကွဲတတ်ပါတယ်။ အသည်းကွဲ ဒဏ်ရာက တစ်ယောက်နဲ့ တစ်ယောက် သက်သာတဲ့ အချိန်ကာလက မတူညီနိုင်ပါဘူး။ ဒါပေမဲ့ အသည်းကွဲတဲ့ အချိန်ကာလတစ်ခုကို ဖြတ်ကျော်ပြီးနောက်မှာ သင် အရင်ကထက် ရင့်ကျက်လာကြောင်း သတိထားမိမှာပါ။ ခု လက်ရှိ သင်က အသည်းကွဲနေတယ်ဆိုရင်တော့ လုပ်သင့်တဲ့ အရာတွေ ရှိပါတယ်။ ဒီတော့ ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ ကိုယ့်ကိုကိုယ် နှိုင်းယှဉ်ပါ

သင်က အသည်းကွဲနေတဲ့အချိန် တခြားမိန်းကလေးတွေနဲ့ ကိုယ့်ကိုကိုယ် နှိုင်းယှဉ်တတ်ပါတယ်။ ဒီအစား ဒီနေ့ ကိုယ်နဲ့ မနေ့က ကိုယ်ကိုပဲ နှိုင်းယှဉ်ပြီး ပိုထက်မြက်လာအောင် ကြိုးစားပေးသင့်ပါတယ်။

၂။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ

အသည်းကွဲတဲ့အချိန်က ကိုယ့်ကိုကိုယ် ဂရုအစိုက်သင့်ဆုံး အချိန်ပါပဲ။ ကိုယ်လုပ်ရတာ ပျော်တဲ့အရာတွေ၊ ကိုယ့်ကျန်းမာရေး စတာတွေကို ရှေ့တန်းတင် သင့်ပါတယ်။

၃။ ခံစားဖို့ အချိန်ပေးပါ

အသည်းကွဲတဲ့ ခံစားချက်ကို ပလစ်ထားဖို့ အလုပ်ဖိလုပ်တာ၊ အားလပ်ချိန် မထားတာမျိုး မလုပ်သင့်ပါဘူး။ သင် ကာလတစ်ခု ရောက်တဲ့အချိန် ပိုဆိုးလာပါလိမ့်မယ်။ အသည်းကွဲတဲ့ ခံစားချက်ကို အပြည့်အဝ ခံစားဖို့ အချိန် တစ်ခု ပေးသင့်ပါတယ်။

၄။ ချရေးပါ

ဒီအသည်းကွဲခြင်းကနေ ဘာသင်ခန်းစာရလိုက်လဲ၊ အခု ဘယ်လို ခံစားနေရလဲ စတာတွေကို စာအုပ်တစ်အုပ်ထဲ ချရေးထားသင့်ပါတယ်။ အချိန်တစ်ခုရောက်လို့ သင်လုံးဝ မေ့ပျောက်သွားတဲ့အချိန် ဒီစာတွေကို ဖတ်ရင်း ရယ်စရာတောင် ဖြစ်နေနိုင်ပါတယ်။

၅။ စာအုပ်ဖတ်ပါ

တစ်ယောက်တည်း ရပ်တည်နေသူတွေရဲ့ စာအုပ်တွေ၊ ကိုယ့်ဘဝ တိုးတက်စေဖို့ ကူညီပေးနိုင်တဲ့ စာအုပ်တွေကို အသည်းကွဲနေတဲ့အချိန် ဖတ်သင့်ပါတယ်။

၆။ သက်သေပြပါ

သင့်ကို သူထားခဲ့တာ မှားယွင်းကြောင်း၊ သူ ပြန် သဘောမကျတာ အမှားကြီး တစ်ခုမှန်း သိလာအောင် သင်က အကောင်းဆုံး နေထိုင်ပြရပါမယ်။ အသည်းကွဲတဲ့ ခံစားချက်က တစ်ချိန်ချိန် သင့်အတွက် အမှတ်တရ တစ်ခု အနေနဲ့ ကျန်ခဲ့ပါလိမ့်မယ်။ ကိုယ့်ကို ကိုယ် တန်ဖိုးထားဖို့က အရေးအကြီးဆုံးပါ ပျိုမေတို့ရေ။

Photo Source: Pinterest

By MyStyle Myanmar