ကိုယ်အလေးချိန် ကျချင်သူများ၊ ကိုယ်ခန္ဓာ သွယ်လျလှပချင်သူတွေက Gym သွားပြီးတော့ပဲဖြစ်ဖြစ်၊ မိမိအိမ်မှာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းပြုလုပ်လေ့ရှိကြပါတယ်။ မိမိမျှော်မှန်းထားတဲ့ ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းမပြုလုပ်ခင်၊ ပြုလုပ်နေစဉ်နှင့် လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အချိန်တွေမှာ ဆောင်ရ၊ ရှောင်ရမယ့် အချက်လေးတွေရှိပါတယ်။

ထိုအချက်များကို လိုက်နာကျင့်သုံးမှသာ မိမိပြုလုပ်ထားတဲ့ လေ့ကျင့်ခန်းတွေက ထိရောက်မှုရှိမှာပါ။ နို့မဟုတ်ရင်တော့ အချည်းနှီးပါပဲ။

လေ့ကျင့်ခန်း ပြုလုပ်ပြီးသောအခါ အစား မစားခြင်း

Source: popsugar.com

အချို့သူတွေက ဝိတ်မြန်မြန်ကျချင်ဇောနဲ့ လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ အစားမစားကြပါဘူး။ တကယ်တော့ လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ သင့်ရဲ့ ခန္ဓာကိုယ်နဲ့ ကြွက်သားတွေက အားအင်ပြန်လည်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ အားအင်မဖြည့်တင်းပေးဘူးဆိုရင်တော့ အလွန်အမင်းပင်ပန်းနွမ်းနယ်နေမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ ရေသောက်ဖို့ မေ့ခြင်း

လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ ချွေးကနေ တစ်ဆင့် (သို့မဟုတ်) အသက် ပြင်းပြင်းရှုခြင်းမှတစ်ဆင့် ရေဓာတ်ခမ်းခြောက်သွားတတ်ပါတယ်။ ထိုခမ်းခြောက်သွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးမှသာ နှလုံးခုန်နှုန်းက ပုံမှန်ဖြစ်ပြီး သွေးပေါင်ချိန်ရော သွေးတွင်းသကြားဓာတ်ပါ ညီညွှတ်မျှတမှာပဲ့ဖြစ်ပါတယ်။

ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတဲ့အခါမှာလည်း သကြားဓာတ်လွန်ကဲသော အစားအစာများ၊ စွမ်းအားဖြည့်အချိုရည်တွေ သောက်သုံးမယ့်အစား ရေပဲ သောက်သုံးသင့်ပါတယ်။

သင့်တင့်သော အဝတ်အစားမဝတ်ခြင်း

အားကစားပြုလုပ်နေစဉ် ချွေးထွက်မှာပဲ အင်္ကျီလက်ပြတ်လေးပဲ ဝတ်တော့မယ်ဆိုပြီး မတွေးလိုက်ပါနဲ့။ တီရှပ်မဝတ်ဘဲ အားကစားအတွင်းခံပဲ ဝတ်ခြင်းက ခန္ဓာကိုယ်ထဲသို့ ဗိုင်းရပ်စ်ပိုးမွှားများ အလွယ်တကူဝင်ရောက်နိုင်ခြင်း၊ အအေးပတ်ခြင်း စတဲ့ ရောဂါတွေကို ခံစားရနိုင်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။ ဒါ့ကြောင့် မထူမပါးရှိပြီး ရာသီဥတုနဲ့ ကိုက်ညီတဲ့တီရှပ်များကို ဝတ်ဆင်ပေးလိုက်ပါ။

လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ အကြောမလျှော့ခြင်း

အကြောလျှော့ခြင်းကလည်း လေ့ကျင့်ခန်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ အကြောလျှော့ခြင်းအားဖြင့် ကြွက်သားများ နာကျင်နေခြင်း၊ တောင့်တင်းနေခြင်းကို ပြေလျော့စေတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။ နောက်နေ့ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာလည်း လေ့ကျင့်ခန်းမာျးကို အလွယ်တကူပြုလုပ်နိုင်လာပါလိမ့်မယ်။

လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ ရေမချိုးခြင်း

လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ ချွေးတိတ်အောင် မိနစ်အနည်းငယ် စောင့်ပြီးနောက် ရေချိုးပေးရပါမယ်။ ထိုကဲ့သို့ ပြုလုပ်ပေးခြင်းက နာကျင်ကိုက်ခဲမှုကို လျော့ချပေးပြီး လန်းဆန်းတက်ကြွစေပါတယ်။ သင့်ရဲ့အရေပြားကျန်းမာရေးအတွက်လည်း ပိုမိုကောင်းမွန်ပါတယ်။

ရေမချိုးဘဲနေမယ်ဆိုရင်တော့ သင့်ရဲ့အရေပြားမှာ ဘက်တီးရီးယားများအလျင်အမြန် ပေါက်ဖွားပြန့်နှံ့လာပါလိမ့်မယ်။

Source: Brightside.me

By MyStyle Myanmar