ရည်းစားဟောင်းနဲ့ပြန်တွဲပြီး ခဏနဲ့ပြန်ပြတ်တာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ပြန်မတွဲခင်ထဲက သေချာစဉ်းစား ဆုံးဖြတ်ပြီးမှ ရွေးချယ်သင့်ပါတယ်။ ငါလည်းသတိရနေတာပဲဆိုပြီး ပြန်လာတာနဲ့ လက်ခံလိုက်တာမျိုး မလုပ်ပါနဲ့။ ရည်းစားဟောင်းနဲ့ ပြန်တွဲမယ်ဆိုရင် ဒီအချက်တွေကို ထည့်စဉ်းစားသင့်ပါတယ်။ ပြီးမှသာ ဆုံးဖြတ်ပါ။

ဘာကြောင့်လမ်းခွဲခဲ့ရလဲ

အရေးကြီးတဲ့အချက်ကတော့ သူနဲ့ကိုယ်နဲ့ ဘာကြောင့် လမ်းခွဲခဲ့ရလဲဆိုတာကို စဉ်းစားဖို့ပါပဲ။ ဖောက်ပြန်လို့ လမ်းခွဲခဲ့ရတာ၊ ကိုယ်ထိလက်ရောက်ကျူးလွန်လို့ လမ်းခွဲခဲ့ရတာဆိုရင်တော့ ပြန်မတွဲသင့်ပါဘူး။ ဒီတော့ ဘာကြောင့် လမ်းခွဲခဲ့ရလဲဆိုတာကို ပြန်စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချပါ။

ကိုယ်ရောသူရောချစ်သေးတာသေချာလား

ခဏတာလွမ်းလို့ ပြန်တွဲတာလား ကိုယ်ရောသူရော အရင်လို တစ်ယောက်ကိုတစ်ယောက် ချစ်ကြသေးရဲ့လားဆိုတာကို ပြန်စဉ်းစားပါ။ မသေချာမရေရာ ဖြစ်နေတယ်ဆိုရင်တော့ အချိန်ယူပြီး ထပ်စဉ်းစားသင့်ပါတယ်။

ပြန်တွဲရင်အဆင်ပြေပါ့မလား

အရေးကြီးတဲ့နောက်တစ်ချက်ကတော့ ပြန်တွဲတာတော့ ဟုတ်ပါပြီ ပြန်တွဲရင်ကော အဆင်ပြေပါ့မလားဆိုတာကို စဉ်းစားပါ။ ပြန်တွဲလည်း အရင်လိုပဲ ပြဿနာတွေဖြစ်နေမယ်၊ ရန်ဖြစ်စကားများနေရတာတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင်တော့ ပြန်တွဲလို့လည်း အပြည့်အဝပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ထပ်ပြီးစိတ်ညစ်ရအုံးမှာပါ။

ကိုယ့်အနေနဲ့ခွင့်လွှတ်နိုင်လား

သူကကိုယ့်အပေါ်မှာ အပြစ်လုပ်ခဲ့တာဆိုရင် အဲ့အပြစ်တွေ၊ သူ့ရဲ့အမှားတွေကို ခွင့်လွှတ်နိုင်တာ သေချာလား စဉ်းစားပါ။ ခွင့်မလွှတ်နိုင်ပဲနဲ့တွဲရင် သတိရတိုင်း ကိုယ်ပဲစိတ်ညစ်နေရမှာဖြစ်သလို စိတ်မကြည်တိုင်းလည်း အဲ့ကိစ္စကိုပဲ ခဏခဏ ပြဿနာရှာမိနေမှာပါ။

သူ့ဘက်ကအရှုပ်အရှင်းကင်းတာသေချာလား

နောက်ဆုံးအနေနဲ့ အရေးကြီးတဲ့အချက်ကတော့ ကိုယ့်ဆီပြန်လာတာ သူ့ဘက်က အရှုပ်အရှင်းကင်းတာ သေချာလားဆိုတာကို သေချာအောင်လုပ်ပါ။ တစ်ဖက်မှာလည်း အရှုပ်တွေရှိသေးတယ်ဆိုရင် ပြန်တွဲမိတဲ့ကိုယ်ပဲ နစ်နာရမှာ၊ စိတ်တိုပြီး နာကျင်ရမှာပါ။ ဒါကြောင့် အလောတကြီးမဆုံးဖြတ်ပဲ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။