စားဝတ်နေရေးအတွက်၊ ဘဝရှေ့ရေးအတွက်လူတိုင်းကတော့ အလုပ်အကိုင်တွေကိုရှာဖွေနေကြတာပါပဲ။ ကံမကောင်းလို့အလုပ်မရနေသေးတဲ့သူတွေလည်းရှိသလို ရှိပြီးသားအလုပ်ကနေ ပြောင်းရွေ့ချင်နေတဲ့သူတွေလည်း ရှိကြပါတယ်။

တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ စကားအတိုင်းပဲ အလုပ်တစ်ခုမှာပဲတစ်သက်လုံးလုပ်ကိုင်ပြီး နေသွားဖို့ဆိုတာကလည်း မဖြစ်နိုင်သေးဘူးလေ။

အလုပ်အသစ်တစ်ခုတွေ့ထားပြီလား

အခုလက်ရှိအလုပ်ကနေထွက်တော့မယ်ဆိုရင် နောက်အလုပ်သစ်တစ်ခုကို တွေ့ထားပြီလားဆိုတာကို စဉ်းစားကြည့်ဖို့လိုပါတယ်။ လူတိုင်းကစားဝတ်နေရေးအတွက် အလုပ်လုပ်နေကြတာဆိုတော့ နောက်အလုပ်တစ်ခုမသေချာသေးပဲ ဒီအလုပ်ကနေထွက်လိုက်မယ်ဆိုရင် အာမခံချက်လည်းသိပ်မရှိဘူးလို့ ဆိုရမှာပေါ့။ အကောင်းဆုံးကတော့ နောက်ထပ်ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်တစ်ခုမှာ သေချာပြီဆိုမှထွက်တာကပိုပြီးတော့ သင့်တော်တယ်လို့ထင်ပါတယ်။

အဆင်မပြေတာတွေရှိနေလို့လား

အလုပ်ထွက်တော့မယ်ဆိုရင် ဘာကြောင့်ထွက်ချင်ရတာလဲဆိုတဲ့ အကြောင်းပြချက်တော့ရှိမှာပေါ့။ အလုပ်ထဲကလုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေတာလား၊ လူကြီးနဲ့အဆင်မပြေတော့လို့လား အလုပ်တွေကြောင့် စိတ်ဖိစီးမှုများလို့လား စတာတွေကို စဉ်းစားပြီး ဆုံးဖြတ်သင့်ပါတယ်။ အဆင်ပြေအောင်ဖြေရှင်းလို့ရမယ့် အရာမျိုးဆိုရင်လည်း ဖြေရှင်းလိုက်တာက အကောင်းဆုံးပါ။ အလုပ်သစ်တစ်ခုဆိုတာ ပြန်ရှာရတာလည်းမလွယ်ကူဘူးဆိုတော့ အဆင်ပြေအောင်လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။

စုဆောင်းထားတာမျိုးတွေရှိပြီလား

ကိုယ့်ဘဝနောင်ရေး စိတ်ချရဖို့အတွက် စုဆောင်းထားတာမျိုးတွေ ရှိနေဖို့ကလည်း အရေးကြီးတဲ့ကိစ္စပါပဲ။ နောက်ထပ်အလုပ်မရခင်အချိန်မှာ အကောင်းဆုံးဖြစ်အောင်နေထိုင်နိုင်ဖို့ အဆင်ပြေပြီလား။ ဒါမှမဟုတ် နောက်ထပ်ရမယ့်အလုပ်က ဒီအလုပ်ထက်လစာလည်း ကောင်းနေမယ်ဆိုရင်တော့ စိတ်ပူစရာမလိုဘူးဆိုပေမယ့် ဒီအလုပ်ကနေထွက်လိုက်ပြီးမှာ စားဝတ်နေရေးကျပ်တည်းသွားလို့ နောင်တရနေတာမျိုးတွေတော့ မဖြစ်စေချင်ပါဘူးနော်။

ပျော်ရွှင်မှုရောရှိနေမှာလား

နောက်ထပ်လုပ်မယ့်အလုပ်က စိတ်ဖိစီးမှုတွေအရမ်းများနေမှာလည်း ဝါသနာနဲ့ရောကိုက်ညီမှုရှိရဲ့လားဆိုတာမျိုးတွေကို သေချာပြန်စဉ်းစားကြည့်ဖို့လိုပါတယ်။ အခုအလုပ်မှာ ကိုယ်နဲ့အဆင်မပြေတော့တဲ့သူက သူကြောင့်နဲ့ကိုယ်လုပ်ရတာတွေကို အနှောက်အယှက်ဖြစ်လာမယ်၊ ကိုယ့်ကိုအမြင်မကြည်နေတော့တာကြောင့် ကိုယ်ဘာလုပ်လုပ်မကောင်းပြောနေတော့မယ့် ပုံစံမျိုးဆိုရင်တော့ စိတ်ညစ်ခံမနေတော့ပဲ ထွက်လိုက်တာကမှန်ကန်တဲ့နည်းလမ်းပါပဲ။

အလုပ်တစ်ခုရဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါကိုလည်း လူငယ်တိုင်းသိထားကြပြီးသားဆိုတော့ ကိုယ့်အတွက်သေချာပြီဆိုတဲ့ အချိန်ရောက်မှအလုပ်ကနေ ထွက်လာတာကပိုပြီးတော့ အဆင်ပြေစေမှာဆိုတော့ သေချာစဉ်းစားတတ်ဖို့တော့လိုမယ်နော်။

Photo Source: Unsplash