အမျိုးသမီးအများစုက အိုမင်းရင့်ရော်မှု မြန်ဆန်လာကြမှာကို စိုးရိမ်ကြပါတယ်။ ဒီလို ရုပ်ရင့်မြန်စေတဲ့ တရားခံတွေက ဘယ်သူတွေလဲ။

စိတ်ဖိစီးမှုများခြင်း၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအသောက်များ စားသုံးခြင်း၊ အိပ်ချိန် စားချိန်မမှန်ခြင်း စတဲ့ အလေ့အကျင့်တွေကြောင့် အိုမင်းရင့်ရော်မှု မြန်ဆန်လာရခြင်းပဲဖြစ်ပါတယ်။

ထိုမှတဆင့် အိုစာမှုကို နှေးကွေးစေပြီး မိမိကို အမြဲတမ်း နုနယ်ပျိုမျစ်နေစေမယ့် အလှကုန်တွေရဲ့ အကူအညီရယူလာကြပါတော့တယ်။ ဒါပေမဲ့ အလှကုန်တစ်ခုတည်းအသုံးပြုရုံနဲ့ မပြီးသေးပါဘူး။ စိတ်ဖိစီးမှု ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်မှသာလျှင် ငယ်ရွယ်နုနယ်တဲ့အသွင်ကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အမြဲတမ်းနုပျိုနေဖို့အတွက် အခုဖော်ပြပေးမယ့်အချက်တွေကို ရှောင်ကြဉ်လိုက်ရအောင်။

ကိုယ် မနှစ်မြို့သည့်အရာကို သည်းညဉ်းခံနေခြင်း

ဥပမာဆိုကြပါစို့။ တစ်စုံတစ်ယောက်က ကိုယ် မကြိုက်မနှစ်သက်တဲ့အရာတစ်ခုနဲ့ ကိုယ့်ကို ပျော်စေပျက်စေ စနောက်နေတဲ့အခါမျိုးမှာ သည်းခံနေစရာမလိုပါဘူး။ သင့်မှာလည်း သင့်လွတ်လပ်ပိုင်ခွင့်ရှိပါတယ်။ ဒါ့ကြောင့် တစ်စုံတစ်ယောက်က ကိုယ် မကြိုက်မနှစ်သက်တဲ့ အပြုအမူတွေ အပြောအဆိုတွေ ပြုမူနေမယ်ဆိုရင် မကြိုက်ဘူးဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါ။

ကိုယ့်ကို တခြားသူတွေ ဘယ်လိုထင်မြင်နေမလဲဆိုတာကို စိုးရိမ်ပူပန်နေခြင်း

ဒီလိုတွေးထင်နေခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့နေရာကျပါတယ်။ လောကမှာ သင့်ကို မလိုမုန်းတီးနေတဲ့သူတွေလည်း ရှိမှာဖြစ်သလို သင့်ကို ချစ်တဲ့မျက်စိနဲ့ကြည့်ပေးတဲ့သူတွေလည်း အများကြီးပါပဲ။ ဒါ့ကြောင့် တခြားသူတွေ ဘယ်လိုတွေးထင်ကြမလဲဆိုတာကို ဂရုမစိုက်ပါနဲ့။ အရေးကြီးတာက ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိဖို့နဲ့ ကိုယ့်လုပ်ရပ်က တစ်ပါးသူကို မထိခိုက်စေဖို့၊ မှန်ကန်နေစေဖို့ပဲ လိုတာပါ။

သက်သောင့်သက်သာမရှိတဲ့ အဝတ်အစားများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ဝတ်ဆင်ခြင်း

သင် ဝတ်ဆင်လိုက်တဲ့ အဝတ်အစားနဲ့ ဖက်ရှင်စတိုင်လ်က သင့်ရဲ့ စိတ်နေစိတ်ထားကို ရောင်ပြန်စပ်တယ်ဆိုတာ သင် လက်ခံပါသလား။ သင့် ခန္ဓာကိုယ်နဲ့ လိုက်ဖက်မှုရှိပြီး သက်သောင့်သက်သာရှိတဲ့ အဝတ်အစားများ ဝတ်ဆင်ခြင်းက မိမိကိုယ်ကို အမြတ်တနိုးထားလေးစားရာလည်း ကျပါတယ်။ ဒါ့ကြောင့် မထော်မနန်းဖြစ်နေတဲ့ အဝတ်အစားတွေထက်စာရင် ကိုယ်နဲ့ အမှန်တကယ်လိုက်ဖက်မှုရှိပြီး သက်သောင့်သက်သာဖြစ်စေတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်လိုက်ပါ။

ကိုယ် မချစ်မနှစ်သက်သူများနဲ့ အတူတူအချိန်ကုန်ဆုံးခြင်း

ဟားဗဒ် သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ မိမိချစ်ခင်နှစ်သက်သူများနဲ့သာ အတူတူအချိန်ကုန်ဆုံးတဲ့သူတွေက ပိုကျန်းမာကြတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဘဝက တိုတိုလေးပါပဲ။ ကိုယ့်ကို ပျော်ရွှင်စေပြီး တစ်ဖက်လူကလည်း ကိုယ့်ကြောင့် ပျော်ရွှင်သွားတာမျိုး၊ နှစ်ဦးနှစ်ဖက် ပျော်ရွှင်စေတဲ့ ဆက်ဆံရေးကိုသာ တည်ဆောက်လိုက်ပါ။ သမီးရည်းစားဆက်ဆံရေးတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်တိုင်းအတွက် ရည်ညွှန်းခြင်းဖြစ်ပါတယ်။

Source: Brightside.me