ချစ်သူနှစ်ဦးအတွက် ပထမဆုံးဒိတ်က အရမ်းအရေးကြီးပါတယ်။ ပထမဆုံးဒိတ်လုပ်ခြင်းကနေမှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေပြေလက်တွဲနိုင်ပါ့မလားဆိုတာကို စဉ်းစားကြတာပါ။ ဒါကြောင့် သင့်အနေနဲ့ ချစ်သူကို မဆုံးရှုံးချင်ရင် ပထမဆုံးဒိတ်မှာ ဒီအချက်တွေ ရှောင်ကျဉ်ပါ။

(၁) နောက်မကျပါစေနဲ့

ချိန်းထားတဲ့ အချိန်ထက်နောက်ကျပြီးမှ ရောက်သွားတာက မဖြစ်သင့်ပါဘူး။ အများစုက ပထမဆုံးတွေ့ဆုံမှုမှာ အချိန်တိကျတာကို ပိုကြိုက်ကြပါတယ်။ ဒါကြောင့် ကိုယ်နေတဲ့နေရာနဲ့ ချိန်းထားတဲ့နေရာက ဝေးလား ကားပိတ်နိုင်လား စသည်ဖြင့် အချိန်ကို သေချာတွက်ပြီး ၁၅ မိနစ်လောက် ကြိုတင်ရောက်နေသင့်ပါတယ်။

(၂) မေးခွန်းမေးတာ သတိထားပါ

ပထမဆုံးဒိတ်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုပိုရဖို့ စကားပြောကြတဲ့အခါ မေးသင့်မမေးသင့်တဲ့ မေးခွန်းတွေကို သေချာလေးစဉ်းစားပါ။ မေးခွန်းတစ်ခုမေးမယ်ဆိုရင် ဒီမေးခွန်းက သင့်တော်ရဲ့လား သူဖြေရဖို့ခက်သွားမလား စသဖြင့် သေချာလေးတွေးစေချင်ပါတယ်။ ဥပမာ ရည်းစားဘယ်နှစ်ယောက်ထားခဲ့လဲ ကုမ္ပဏီမှာ ဘာရာထူးလဲ လစာဘယ်လောက်ရလဲ စတဲ့ မေးခွန်းတွေမမေးသင့်ပါဘူး။

(၃) အာရုံစိုက်ပါ

ကိုယ်နဲ့ ဒိတ်ထားတဲ့သူနဲ့ အတူတူရှိနေစဉ်အချိန်က သူ့ကို အပြည့်အဝ အာရုံစိုက်ထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ဖုန်းပဲကြည့်နေတာ အပြင်ကိုငေးနေတာ တခြားဝိုင်းက လူတွေကို ကြည့်နေတာမျိုးတွေက တဖက်လူအမြင်မှာ သူ့ကိုအာရုံမရှိဘူးဆိုတဲ့ အတွေးမှားမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်သူ့ကိုပဲ အာရုံအပြည့်အဝ စိုက်ထားသင့်ပါတယ်။

(၄) အမွှေးအနံ့တွေ အလွန်အကျွံမထွက်ပါစေနဲ့

ပထမဆုံးဒိတ်က ရင်ခုန်စရာကောင်းသလို ကိုယ့်ကိုသဘောကျစေချင်တဲ့စိတ်က လူတိုင်းမှာရှိပါတယ်။ ဒါနဲ့ပဲ ရေမွှေးတွေကို အများကြီးစွတ်သွားလို့တော့ မသင့်တော်ပါဘူး။ တစ်ချို့သော အမွှေးအနံ့လေးတွေက ကိုယ်ကိုစွဲဆောင်မှုပိုရှိပြီး တဖက်လူကို သဘောကျစေပေမယ့် အမွေးအနံ့တွေ လှိုင်လှိုင်ထနေမယ်ဆိုရင် စိတ်ရှုပ်စရာဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်တော်ရုံသင့်ရုံလောက်ပဲ ရေမွှေးသုံးပါ။