Healthy Relationship ဖြစ်ဖို့ဆိုတာကလည်း တစ်ယောက်ထဲ ကောင်းနေလို့မရပါဘူး။ နှစ်ယောက်လုံးကောင်းဖို့၊ ဆင်ခြင်ဖို့ လိုပါတယ်။ ခဏခဏရန်ဖြစ်စကားများနေရတယ်၊ စိတ်ဆင်းရဲနေရတယ်ဆိုရင် ရေရှည်အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် Healthy Relationship ကို ပိုင်ဆိုင်နိုင်ဖို့ နှစ်ယောက်လုံးဆင်ခြင်ရမယ့် အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

နားလည်မှုရှိပေးပါ

တော်ရုံတန်ရုံဆိုရင် နားလည်မှုပေးလိုက်ပါ။ ဘာမဟုတ်တဲ့ သေးသေးလေးတွေကအစ လိုက်ပြောပြီး ပြဿနာရှာနေရင်၊ ရစ်နေရင်တော့ ခဏခဏရန်ဖြစ်စကားများလိုက်၊ စိတ်ဆိုးလိုက်နဲ့ အချိန်ကုန်နေမှာပါ။ တစ်ယောက်နဲ့တစ်ယောက်လည်း ဘယ်တော့မှ စိတ်တိုင်းကျမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီအချက်ကို လုပ်နေမိရင် ဆင်ခြင်သင့်ပါတယ်။

အတိတ်ကိုပြန်မပြောပါနဲ့

အတိတ်မှာမှားခဲ့တာ၊ အပြစ်လုပ်ခဲ့တာတွေကို ခွင့်လွှတ်ပေးပြီးပြီဆိုရင်လည်း လက်ရှိမှာ ပြန်အစမဖော်ပါနဲ့။ အတိတ်မှာဖြစ်ခဲ့တာတွေကြောင့် လက်ရှိမှာ ခဏခဏရန်ဖြစ်စကားများနေရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ နောက်တစ်ခုကတော့ လက်ရှိဖြစ်နေတဲ့ပြဿနာကိုတောင် ဖြေရှင်းလို့မပြီးသေးဘူး အတိတ်ကိုပြန်အစဖော်ပြီး ထိုးနှက်တာ၊ အပြစ်လုပ်တာတွေက ပြဿနာကို ပိုကြီးသွားစေပါတယ်။ ဒီအချက်ကို ဘယ်တော့မှမလုပ်မိအောင် ဆင်ခြင်သင့်ပါတယ်။

မလိမ်ပါနဲ့

 

အရာရာတိုင်းကို လိုက်အသိပေးနေစရာ မလိုပေမယ့်လည်း တစ်ခုခုဆိုရင် တိုင်ပင်ပြောဆိုတာ၊ အသိပေးသင့်တာဆို အသိပေးတာကတော့ ပိုကောင်းတာပေါ့။ အရေးကြီးတာကတော့ မလိမ်ဖို့ပါပဲ။ ကိုယ့်ချစ်သူက မကြိုက်ဘူးပြောထားတာ၊ မလုပ်ခိုင်းတာကို လုပ်ချင်တဲ့အခါမှာ လိမ်ပြီး လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်ပြီး ပြန်သိတော့ ပြဿနာဖြစ်ရတာပါပဲ။ ဒါကြောင့် တစ်ယောက်ကလည်း မလိမ်ပဲ အမှန်အတိုင်းပြောပြီး နောက်တစ်ယောက်ကလည်း နားလည်မှုရှိပေးမယ်ဆိုရင် ပိုအဆင်ပြေမှာပါ။

သစ္စာရှိပါ

Healthy Relationship ကို လိုချင်ရင်တော့ သစ္စာမရှိလို့ မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိဖို့က အရမ်းအရေးကြီးပါတယ်။

မချုပ်ချယ်ပါနဲ့

Relationship တစ်ခုမှာ ချုပ်ချယ်မှုတွေနဲ့ ပြည့်နှက်နေရင် Toxic ဖြစ်နေပါပြီ။ ကိုယ့်စိတ်တိုင်းကျ စိုးမိုးချင်လို့ မရပါဘူး။ ချုပ်ချယ်မှုတွေ လွန်ကဲလာတဲ့အခါ ပြဿနာတွေ၊ စိတ်ညစ်စရာတွေပဲ ပြန်ရလာမှာပါ။ ဒါကြောင့် ဒီအချက်ကိုလည်း ဆင်ခြင်ဖို့ လိုပါသေးတယ်။