ကောင်လေးတွေအနေနဲ့ ကိုယ့် ချစ်သူကောင်မလေးကို ပေးဖို့အတွက် လက်ဆောင်ပစ္စည်းတွေ ရွေးချယ်တဲ့အခါ တန်ဖိုးကြီးပစ္စည်းဖြစ်ဖို့ မလိုအပ်ပါဘူး။ တန်ဖိုးနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အမှန်တကယ်ချစ်တဲ့သူက လက်ဆောင်ပစ္စည်းပမာဏထက် သူ့အပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ သတိတရရှိမှုတို့ကိုသာ ပိုအလေးထားတာပါ။

ဒါပေမဲ့ ဒီလိုလက်ဆောင်ပစ္စည်းပေးတဲ့အခါမှာလည်း သတိထားသင့်တဲ့အချက်လေးတွေရှိပါတယ်။

ဖိနပ်

ဖိနပ်လက်ဆောင်ပေးခြင်းက လမ်းခွဲခြင်းကို ကိုယ်စားပြုတယ် (သို့) လမ်းခွဲရတတ်တယ်လို့ အယူရှိတဲ့အတွက်ကြောင့် ဖိနပ်လက်ဆောင်ပေးရင် သူနဲ့ မြန်မြန်ပြတ်ချင်လို့ဆိုပြီး ထင်မှတ်သွားပါလိမ့်မယ်။

အနက်ရောင်အဝတ်အစား

အနက်ရောင်က နာကျင်မှု၊ ဝမ်းနည်းပူဆွေးမှုကို ကိုယ်စားပြုတာကြောင့် အဝတ်အစား လက်ဆောင်ပေးချင်တယ်ဆိုရင် အနက်ရောင်အဝတ်အစားများကို ရှောင်ကြဉ်သင့်ပါတယ်။

နာရီ

လက်ပတ်နာရီဖြစ်ဖြစ် တိုင်ကပ်နာရီပဲဖြစ်ဖြစ် လက်ဆောင်ပေးလိုက်တဲ့အခါ ထိုနာရီ ရပ်သွားရင် သူတို့ရဲ့အချစ်တွေကလည်း ရပ်တန့်သွားလိမ့်မယ်လို့ ထင်တတ်ကြတာကြောင့် နာရီကိုလည်း လက်ဆောင်မပေးသင့်ပါဘူး။

ရေမွှေး

ရေမွှေးရနံ့က ဆွတ်ပြီးသွားတဲ့အခါ ရေမွှေးရနံ့ တဖြည်းဖြည်း အနံ့ပြယ်သွားတတ်ပါတယ်။ ရေမွှေးကို လက်ဆောင်ပေးခြင်းအားဖြင့် သင်တို့ရဲ့အချစ်တွေကလည်း တဖြည်းဖြည်း အချစ်လျော့သွားနိုင်ပါတယ်။

သင့်ဓာတ်ပုံ

သင့်ဓာတ်ပုံကို ကောင်မလေးထံ ပေးခြင်းကလည်း ခွဲခွာရတတ်တယ်လို့ အယူရှိတာကြောင့် သင့်ဓာတ်ပုံကိုလည်း လက်ဆောင်ပေးမယ့်စာရင်းထဲက ပယ်ထုတ်သင့်ပါတယ်။

လက်ကိုင်ပုဝါ

လက်ကိုင်ပုဝါကို လက်ဆောင်အဖြစ်ရရှိခြင်းက ငိုရတတ်တယ်လို့ အယူရှိတာကြောင့် သင့်ကောင်မလေး မျက်ရည်ကျတာကို မမြင်ချင်ရင် သူမကို လက်ကိုင်ပုဝါ လက်ဆောင်မပေးပါနဲ့။

ခေါင်းဘီး

ထိုင်းလူမျိုးများက ဘီးသွားစိပ်လေးများကို သမီးရည်းစားဆက်ဆံရေးနဲ့ ခိုင်းနှိုင်းပြောဆိုလေ့ရှိတာကြောင့် သင်တို့ရဲ့အချစ်ခရီးလမ်းကို ဘီးသွားစိပ်လေးလို ကျိုးကြေပျက်စီးသွားတာမျိုး မဖြစ်စေချင်ရင် ခေါင်းဘီးကို လက်ဆောင်အဖြစ် မပေးပါနဲ့။

ရင်ထိုး

မိန်းကလေးအများစုက အင်္ကျီပေါ်မှာ ရင်ထိုး တပ်ရတာ ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ သင့်ချစ်သူကောင်မလေးကိုတော့ ရင်ထိုးလက်ဆောင်မပေးသင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ရင်ထိုးလက်ဆောင်ပေးခြင်းက သူ့နှလုံးသားကို ထိုးစိုက်ခြင်း၊ နာကျင်စေခြင်းကို ဖြစ်ပေါ်စေတယ်လို့ အယူရှိလို့ပါပဲ။