အခုခေတ်မှာ ယောက်ျားလေးရော၊ မိန်းကလေးပါ ဆံပင်အရောင်တွေကို မျိုးစုံပြောင်းလဲလာကြပါတယ်။ ဆန်းသစ်တဲ့ဆံပင်အရောင်တွေကလည်း လူငယ်တွေကြားမှာအရမ်းကို ခေတ်စားနေတာတော့ အမှန်ပါပဲ။ လူငယ်တိုင်းဆံပင်အရောင်တွေ ဆိုးနေကြတဲ့အချိန်မှာ ဆံပင်ဆိုးတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အရာတွေလည်း ရှိနေပါတယ်။ ဒါတွေကို သေချာသိထားပြီးလိုက်နာမှလည်း ဆံသားတွေမပျက်စီးပဲ အရောင်လည်း ကြာရှည်ခံမှာပဲ ဖြစ်ပါတယ်။

၃ရက် ၄ ရက်လောက်ကြာမှ ခေါင်းလျှော်ပါ

ဆံပင်ဆေးဆိုးပြီးတဲ့ နောက်ရက်တွေမှာ ခေါင်းလျှော်လိုက်တာမျိုးတွေကို မပြုလုပ်ပါနဲ့။ ဆိုးထားတဲ့အရောင်တွေက သင့်ဆံသားမှာ မစွဲနေသေးတာကြောင့် နောက်ရက်မှာခေါင်းလျှော်လိုက်မယ်ဆိုရင် အရောင်တွေကိုပြယ်လွင့်သွားစေမှာ အမှန်ပါပဲ။ ဒါကြောင့် ဆံပင်ဆိုးပြီး ၃ရက် ၄ရက်လောက်ကြာမှ ခေါင်းလျှော်ပါနော်။

ပူတဲ့အရာတွေကို ရှောင်ပါ

ဆိုးဆေးတွေထိထားလို့ ပျက်စီးနေတဲ့ဆံသားတွေက အပူဒဏ်တွေကိုခံရတဲ့အချိန်မှာ ပိုပြီးပျက်စီးဖို့အလားလာများစေတာကြောင့် အပူတွေနဲ့ ထိတွေ့ခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။ ရေနွေးနွေးနဲ့ခေါင်းလျှော်တာတွေ၊ ခေါင်းလျှော်ပြီးချိန်မှာ Dryer တွေနဲ့ ဆံပင်ကို မှုတ်တာတွေက ဆံသားကိုပိုပြီးပျက်စီးစေတယ်နော်။

အရည်အသွေးကောင်းတဲ့ ဆံပင်ပေါင်းဆေး

ဆေးဆိုးလိုက်တဲ့အခါမှာ ပျက်စီးသွားတဲ့ဆံသားတွေကို ပြန်လည်ကောင်းမွန်လာစေဖို့အတွက်ဆိုရင် အရည်အသွေးကောင်းမွန်တဲ့ ဆံပင်ပေါင်းဆေး တွေကို တစ်ပတ်ကိုအနည်းဆုံးတစ်ခါလောက်တော့ သုံးပေးသင့်ပါတယ်။ ဒါမှလည်း ပျက်စီးသွားတဲ့ဆံသားတွေ ပြန်လည်ကောင်းမွန်ပြီး ဆံသားအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကိုလည်း ဖြည့်ပြီးသားဖြစ်မှာပေါ့။

ခေါင်းလျှော်ရည်ရွေးချယ်တဲ့အခါမှာ

ခေါင်းလျှော်ကိုရွေးချယ်တဲ့အခါမှာ ပုံမှန်လျှော်နေကျခေါင်းလျှော်ရည်နဲ့တော့မရပါဘူး။ ဆံသားကအရောင်တွေကို မကျသွားအောင် ကူညီပေးမယ့် Color Stay ခေါင်းလျှော်ရည်မျိုးကို ရွေးချယ်ပြီးအသုံးပြုသင့်ပါတယ်။