တချို့တွေက Relationship တစ်ခုမှာ တစ်ဖက်လူကို အရမ်းချစ်ပြီး ရုန်းမထွက်နိုင်တာမျိုးတွေ ရှိပါတယ်။ တချို့ကျတော့ အရမ်းချစ်လို့လားဆိုတာကိုတောင် သေချာမသိပါဘူး။ ဒါပေမယ့် ရုန်းမထွက်နိုင်ဘူး၊ မပြတ်နိုင်ဘူးဆိုပြီး ဖြစ်တတ်ကြပါတယ်။ ဒါဆိုရင်တော့ ကိုယ့်အပေါ်မကောင်းမှန်းသိရက်နဲ့ ရုန်းမထွက်နိုင်ဖြစ်နေတဲ့သူတွေက ဒီအရာတွေကို လုပ်ကြည့်ပါ။

နာစရာတွေကိုများများတွေးပါ

စိတ်နာမှ ရုန်းထွက်နိုင်မှာဖြစ်တဲ့အတွက် နာစရာတွေကို များများတွေးပါ။ သူနဲ့ပျော်ရတဲ့အချိန်တွေကို တွေးပြီး ကြည်နူးနေမယ့်အစား၊ လွမ်းနေမယ့်အစား နာစရာတွေကို များများတွေးပြီး စိတ်နာနိုင်ရင် ဒီလူဆီကနေ ရုန်းထွက်သွားနိုင်ပါလိမ့်မယ်။

တခြားပျော်ရမယ့်အရာတွေလုပ်ကြည့်ပါ

ကိုယ့်ပျော်ရွှင်မှုကို လူတစ်ယောက်ဆီမှာပဲ ပုံအောထားတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။ ကိုယ့်အတွက် တခြားပျော်ရမယ့်အရာတွေကို ရှာဖွေပြီး လုပ်ကြည့်ပါ။ တခြားပျော်စရာလေးတွေရှိနေရင် အဲ့တာတွေလုပ်ရင်းနဲ့ ကိုယ့်အပေါ်မကောင်းတဲ့သူအပေါ် တွယ်ငြိနေတဲ့စိတ်ကိုလည်း လျော့ကျအောင် လုပ်နိုင်လာပါလိမ့်မယ်။

သူငယ်ချင်းတွေနဲ့ပျော်ရွှင်ပါ

ဒီလူနဲ့အဆင်မပြေဘူး၊ ဒီလူကြောင့် စိတ်ညစ်ရတယ်ဆိုရင် တစ်ယောက်ထဲနေပြီး ထိုင်စိတ်ညစ်မနေပါနဲ့။ ကိုယ့်သူငယ်ချင်းတွေနဲ့တွေ့ပါ။ အမြဲ သူငယ်ချင်းတွေနဲ့တွေ့ပြီး ပျော်ရွှင်ပါ။ ကိုယ့်မှာ တခြားပျော်ရွှင်စရာတွေလည်း အများကြီးရှိနေတာကို သိလာရင် ကိုယ့်အပေါ်မကောင်းတဲ့သူဆီကနေ ရုန်းထွက်လာနိုင်ပါမယ်။

တစ်ယောက်ထဲအဆင်ပြေအောင်ကြိုးစားပါ

ဘယ်သွားသွား ဘာလုပ်လုပ် ချစ်သူနဲ့မှ၊ သူမပါပဲ အဆင်မပြေဘူး၊ သူမရှိပဲ အဆင်မပြေဘူးဆိုတာမျိုးတွေ မဖြစ်ပါစေနဲ့။ တစ်ယောက်ထဲ အဆင်ပြေအောင်လုပ်ပါ။ တစ်ယောက်ထဲ ရင်ဆိုင်ရဲအောင် ကြိုးစားပါ။ တစ်ယောက်ထဲလည်း အဆင်ပြေအောင် ကြိုးစားပြီးနေထိုင်ပါ။ ကိုယ့်ကိုယ်ကိုလည်း ပိုပြီး ယုံကြည်မှုရှိလာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုပိုချစ်ပါ

တခြားသူထက် ကိုယ့်ကိုယ်ကိုပိုဦးစားပေးပြီး ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာရင် ကိုယ့်ကို စိတ်ညစ်စေတဲ့အရာမှန်သမျှကို စွန့်လွှတ်နိုင်လာပါမယ်။ ကိုယ့်အပေါ် မကောင်းတဲ့သူတွေဆီကနေလည်း ရုန်းထွက်နိုင်လာပါမယ်။