လောကဓံကို ဒေါင်ကျပြားကျ ရင်ဆိုင်နိုင်တယ်ဆိုတဲ့သူတွေမှာတောင် စိတ်တွေ ရှုပ်ထွေးပင်ပန်းမှုကို မကြာခဏဆိုသလို ခံစားနေရတတ်ပါတယ်။ စိတ်ထဲမှာ စိုးရိမ်သောကနဲ့ ရှုပ်ထွေးနေချိန်မှာ အခုပြောတဲ့အရာတွေ မလုပ်မိအောင် ရှောင်သင့်ပါတယ်။

(၁) အဆိုးမြင်သူတွေနဲ့ အချိန်ကုန်ခြင်း

Photo: Shutterstock

လူဆိုတာ ပေါင်းသင်းဆက်ဆံရေးသတ္တဝါဆိုပေမယ့် ကိုယ်ပေါင်းတဲ့သူတွေကိုတော့ ဂရုစိုက်ဖို့ လိုပါတယ်။ ပျော်ပျော်နေပြီး စိတ်ဖိစီးမှုနည်းအောင် နေတတ်သူတွေနဲ့ စကားပြောလိုက်မယ်ဆိုရင်ကို ကိုယ့်သောကဟာ နည်းနည်းလေး လျော့ပါးသွားနိုင်ပါတယ်။

(၂) မအိပ်ဘဲ နေခြင်း

Photo: Shutterstock

အတွေးတွေနဲ့ ဂယက်ရိုက်ပြီး ရှုပ်ထွေးနောက်ကျိနေချိန်မှာ အတွေးတွေ ဖြတ်နိုင်သမျှ ဖြတ်ပြီး ထိုးအိပ်လိုက်ပါ။ စိတ်ဖိစီးနေချိန်မှာ လူတွေဟာ အိပ်မပျော်နိုင်ဖြစ်ပြီး အတွေးထဲတင် လည်နေတတ်ပါတယ်။ အိပ်ဖြစ်အောင် အိပ်ပါ။ အိပ်ရေးဝအောင် အိပ်ပြီးမှ ပြဿနာအကြောင်း စဉ်းစားကြည့်ပါ။

(၃) အရက်သောက်ခြင်း

Photo: Shutterstock

“စိတ်ညစ်လို့ အရက်နဲ့ ဖြေတယ်” ဆိုတာ တကယ့်အဖြေမဟုတ်တဲ့အပြင် ပြဿနာတွေကို ပိုဆိုးအောင်လုပ်နေတာပဲ ဖြစ်ပါတယ်။ စိတ်သောကရောက်နေချိန်မှာ ခေါင်းအေးအေးထားဖို့က အရေးကြီးဆုံးပါပဲ။ အရက်သောက်တာလိုပဲ ဆေးဝါးတွေ သုံးတာမျိုးလည်း ရှောင်သင့်ပါတယ်။

(၄) ဖြစ်သလို နေထိုင်ခြင်း

Photo: Shutterstock

စိတ်သောကများနေချိန်မှာ အစားအသောက်နဲ့ အနေအထိုင်လည်း ဆင်ခြင်သင့်ပါတယ်။ စိတ်ပင်ပန်းမှုသက်သာစေဖို့ ငှက်ပျောသီးလိုမျိုး အာဟာရဓါတ်ကြွယ်ဝပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ အစားအစာတွေ စားပါ။ အစာမကျေနိုင်တဲ့ အဆီအဆိမ့်နဲ့ အသင့်စား အစားအသောက်တွေ စားမယ်ဆိုရင် စိတ်ခံစားချက်ကို ပိုဆိုးစေနိုင်ပါတယ်။

နောက်တစ်ချက်က မလှုပ်ရှားဘဲ တစ်နေရာတည်းမှာ အကြာကြီး ထိုင်နေတာမျိုး မလုပ်ပါနဲ့။ ကိုယ်လက်လှုပ်ရှားမှု နည်းလာတာနဲ့အမျှ စိတ်ဖိစီးမှုဟာ ပိုလို့ ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် လှုပ်လှုပ်ရှားရှား နေထိုင်ပါ။ ကျန်းမာအောင် စားသောက်ပါ။ စိတ်ကို ကြည်လင်အေးချမ်းအောင် ထားပြီးမှ စိတ်ဖိစီးစေတဲ့ အရင်းခံအကြောင်းတရားကို အဖြေရှာဖို့ တိုက်တွန်းချင်ပါတယ်။