လူမှုကွန်ရက်တွေဟာ ဒီနေ့ခေတ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ မနက်မိုးလင်းကနေ ညအိပ်ရာဝင်တဲ့အထိ ကျွန်တော်တို့ဟာ ဖုန်းတွေ ကွန်ပျူတာတွေကနေ တစ်ဆင့် လူမှုကွန်ရက်ပေါ်က သတင်းသစ်တွေ ၊ လှုပ်ရှားမှုတွေ စောင့်ကြည့်ကြ ၊ ပါဝင်ရေးသားဖွင့်ထုတ်ကြနဲ့ အလုပ်များနေကြပါတယ်။ အနားမရစတမ်း ဖုန်းတွေ ပွတ်ကြရင်း NewsFeed တွေ ကြည့်ကြရင်းနဲ့ ကျွန်တော်တို့ရဲ့ လူနေမှုပုံစံထဲမှာ Social Media ဟာ ပျော်ဝင်ပစ္စည်းတစ်ခု ဖြစ်လာနေပါတယ်။ ဒါဆိုရင် ဆိုရှယ်မီဒီယာကစားဝိုင်းကနေ ခဏလောက် ဘေးထွက်ထိုင်နေရင်ရော ဘာတွေ ဖြစ်လာမလဲ။

(၁) အလုပ်ပိုလုပ်နိုင်မယ်

Photo: US News & World Report

Social Media တွေ မနားတမ်း ထပ်တလဲလဲ သုံးခြင်းဟာ Multitasking လို့ခေါ်တဲ့ လူတစ်ယောက်တည်း လက်ဆယ်ဖက်နဲ့ တစ်ပြိုင်တည်း အလုပ်လုပ်သလိုမျိုးပါပဲ။ Multitasking လုပ်တဲ့ အကျင့်ဟာ စိတ်အာရုံထွေပြားပြီး အလုပ်တစ်ခုချင်းစီကိုလည်း ထိထိရောက်ရောက် လုပ်မရ ဖြစ်စေနိုင်ပါတယ်။
လူမှုကွန်ရက် အသုံးလျှော့လိုက်မယ်ဆိုရင်တော့ အာရုံတွေ ပိုစုစည်းမိနိုင်ပြီး အလုပ်ကိုလည်း တစ်ခုချင်း တစ်ခုချင်း ပိုပြီး အာရုံအပြည့်နဲ့အားစိုက် လုပ်လာနိုင်မှာပါ။

(၂) ဖန်တီးနိုင်စွမ်းတွေ ပိုမြင့်လာမယ်

Photo: Pennsylvania Conference For Women

ခေါင်းထဲမှာ အိုင်ဒီယာအသစ်တွေ မဝင်တော့ဘူးလို့ ခံစားရနေတယ်ဆိုရင် Social Media သုံးတဲ့ အကျင့်လေး ခဏလောက် ရပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ လူမှုကွန်ရက်သုံးခြင်းဟာ မဝါးမြိုနိုင်လောက်အောင် များပြားတဲ့ သတင်းအချက်အလက်တွေနဲ့ ခေါင်းကို အလုပ်ရှုပ်စေပါတယ်။ ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးမှုအားကောင်းချင်တယ်ဆိုရင် Social Media နဲ့ တစ်ပတ်လောက် ပြတ်စဲကြည့်သင့်ပါတယ်။

(၃) အစပိုင်းတော့ နေရခက်မယ်

Photo: Freepik

ဒီအချက်လည်း ထည့်ပြောဖို့ လိုမှာပါ။ Social Media မသုံးဘဲ နေတဲ့ ပထမ ၃-၄ ရက်လောက်ကတော့ စိတ်ထဲမှာ ဟာတာတာနဲ့ တစ်ခုခု လိုနေသလို ခံစားရနိုင်ပါတယ်။ လက်ထဲမှာ ဖုန်းမပါဘဲ တစ်ရက်လောက် နေကြည့်ရင် ဒီခံစားချက်ကို ကောင်းကောင်း သိသွားပါလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် Social Media နဲ့ ခပ်ကင်းကင်းနေနိုင်ရင် ရေရှည်အတွက် ကောင်းမယ်ဆိုတဲ့ အချက်ကို ခေါင်းထဲ ထည့်ထားတာ အကောင်းဆုံးပါပဲ။

(၄) စိတ်ဖိစီးမှု နည်းသွားမယ်

Photo: Tado

အခုခေတ်မှာ ၂၄ နာရီလုံးလုံး လူမှုကွန်ရက်ဟာ အပြောင်းအလဲ အလှုပ်အခတ်တွေနဲ့ ရေစီးကြောင်းကြီးတစ်ခုလို စီးဆင်းနေတော့တာပါပဲ။ Social Media ရေစီးကြောင်းကြီးဟာ ပျော်စရာ ၊ ဝမ်းနည်းစရာ ၊ ကြောက်စရာ ၊ စိတ်မကောင်းစရာ စတဲ့စတဲ့ စိတ်အာရုံကို ပွတ်တိုက်မယ့်အရာမျိုးစုံကို သယ်ဆောင်နေတာပါ။ နေ့တိုင်း Social Media မပြတ်သုံးနေသူဟာ ဒီအာရုံစားတဲ့ ဒဏ်ကို ခံစားရလို့ စိတ်ပင်ပန်းရပါတယ်။

(၅) ပိုအိပ်လို့ကောင်းမယ်

Photo: Pinterest

အိပ်ရာထဲ ဖုန်းယူသွားရင်တော့ အိပ်ရေးပျက်ဖို့သာ ပြင်ပေတော့ပါပဲ။ Screen Time ဟာ ဦးနှောက်ကို နှိုးဆွကိုင်လှုပ်ပါတယ်။ ဒီနည်းနဲ့ ညဘက်တွေမှာ ဖုန်းကြောင့် အိပ်ရေးပျက်ရပါတယ်။ ဖုန်းမသုံးတော့ဘူး။ Facebook မကြည့်တော့ဘူးဆိုရင် အမြန်လည်း အိပ်ပျော်ပါမယ်။ အိပ်ရေးဝလို့ စိတ်လည်း ကြည်သလို ကိုယ်လည်း ပေါ့ပါလိမ့်မယ်။