ဒီနေ့မှာတော့ ချစ်သူတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ အသေးအမွှားပြဿနာလေးတွေက သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ကတောက်ကဆတွေဖြစ်စေရုံမက သင့်အချစ်ရေးကိုအဆုံးသတ်သွားတဲ့အထိ ဖြစ်လာစေနိုင်တဲ့အတွက် ဒီအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်နော်။ ဒါကြောင့် သင် ထင်မှတ်မထားတဲ့ ဘယ်လိုအပြုအမူလေးတွေက သင်နဲ့ သင့်ချစ်သူကြား ဝေးကွာမှုကို ဖြစ်စေနိုင်သလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်…

တစ်ယောက်ကို တစ်ယောက် ဦးစားပေးတတ်ဖို့

တခါတလေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကိုယ့်ချစ်သူကို ရင်ဖွင့်ချင်တာ သဘာဝပါပဲ။ တစ်နေ့တာလုံး ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေ၊ အတွေ့အကြုံတွေကိုလည်း မျှဝေချင်ကြပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ သင့်စကားတွေကို နားထောင်မပေးဘူး။ ဘာမှ အထောက်အပံ့တွေမပေးဘူးဆိုရင် သင်ဟာ သူ့အတွက် ဦးစားပေးတစ်ယောက် မဟုတ်ဘူးဆိုတာ သိလိုက်ပါ။

ယုံကြည်မှု

သင့်ဖုန်းမှာ မက်စေ့တစ်စောင်ရောက်နေတဲ့အခါ သင်မသိခင် သင့်ကို အသိမပေးဘဲ ဖုန်းကို စစ်တာမျိုး။ သံသယနဲ့ အမြဲတစေ ချုပ်ချယ်မေးတာမျိုးဟာလည်း သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ကြာလာတာနဲ့အမျှ အဆုံးသတ်ဖို့ ဦးတည်နေသလိုပါပဲ့..

အမြဲတမ်း နောက်ကျတတ်တယ်

သင်တို့နှစ်ယောက် တွေ့ဖို့ ချိန်းထားတဲ့အချိန်တိုင်း အမြဲလိုလို နောက်ကျတတ်တယ်ဆိုရင် သင်တို့နှစ်ယောက် ဆက်ဆံရေးအတွက် မကောင်းနိုင်ပါဘူး။ နောက်ကျတယ်။ ကိုယ်ကစောင့်နေပေမယ့် နောက်ဆုံး ရောက်မလာတာမျိုး ဖြစ်ရင် ပိုလို့တောင် စိတ်ထိခိုက်စေပါတယ်။

ကြင်နာမှု မရှိဘူး

ချစ်သူနှစ်ဦးဆိုတာ တယောက်ကိုယ်တယောက် ဖက်တာ၊ နမ်းတာ၊ လက်ချင်းကိုင်တာ စသဖြင့် ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်တွေကို အတူတူ မျှဝေကြပါတယ်။ သင့်ချစ်သူက သင့်နဲ့ အနီးကပ်နေရတာ အဆင်မပြေဘူး။ အမြဲလိုလို ရှောင်တိမ်းနေတတ်ရင် သင်တို့နှစ်ယောက် ဆက်ဆံရေးကို ပြန်ပြီး သုံးသပ်ကြည့်ပါ။

တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ဂရုစိုက်ပေးခြင်း

အချစ်ဆိုတဲ့ ဆက်ဆံရေးမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဂရုစိုက်ပေးဖို့ကလည်း အရေးကြီးပါတယ်။ သင့်ချစ်သူက သင့်အပေါ် ဂရုစိုက်ဖို့ အမြဲတမ်း ပျက်ကွက်တယ်ဆိုရင် သင်တို့နှစ်ယောက် ရှေ့ရေးအတွက် အလားအလာမကောင်းနိုင်ပါဘူး။

နှစ်ယောက်အတူတူ အချိန်မကုန်ဆုံးချင်ဘူး

ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ တစ်ယောက်ကိုယ်တစ်ယောက် အတူတူတွေ့ပြီး ဝါသနာတူရာတွေကို အတူတူ လုပ်ဆောင်ကြတာ သဘာဝပါပဲ။ သူ့မိတ်ဆွေ ကိုယ့်မိတ်ဆွေတွေ မိတ်ဖွဲ့ရင်းလည်း တစ်ဦးကိုယ် တစ်ဦး ပိုပြီး ရင်းနှီးသွားကြပါတယ်။ သင့်ချစ်သူက သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါမှာပဲဖြစ်ဖြစ်၊ သင်နဲ့ နှစ်ယောက်တည်းပဲဖြစ်ဖြစ် အတူတူ လုပ်ဆောင်ဖို့ စိတ်မပါဘူးဆိုရင် သင့်အနေနဲ့ အဲဒီအချက်ကို ဥပေက္ခာမပြုသင့်ပါဘူး။

သင့်အနေနဲ့ အချစ်ရေးကို အဆုံးမသတ်ချင်ဘူးဆိုရင်….

ဒီလိုပြဿနာတွေကို စပြီးရင်ဆိုင်လာရရင် ပထမဆုံး တစ်ယောက်ကိုယ်တစ်ယောက် သေသေချာချာ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးပါ။ မဖြစ်နိုင်ရင် သင်တို့နှစ်ယောက် အခြေအနေကို သင်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ ရင်ဖွင့်ပါ။ အခုလို အပျက်ဖက်ကလုပ်နေတာ သင်ကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံပါ။ ဒါဆိုရင်တော့ ဘယ်အရာကို သင်ဦးစားပေးလုပ်ဆောင်ရမလဲဆိုတာကို သင်တွေ့ရှိလာမှာပါနော်။