လေ့လာမှုတွေအရ ဖောက်ထွင်းခံရမှုတွေဟာ အိမ်မှာလူမရှိတဲ့အချိန် အဖြစ်များကြောင်း သိရပါတယ်။ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာဆိုရင် တစ်နှစ်ကို အိမ်ဖောက်ထွင်းခံရမှု (၇၀၀၀) ကျော်ရှိပါတယ်။ ဒါဆိုရင် အိမ်မှာ လူမရှိတဲ့အချိန်တွေမှာ ဖောက်ထွင်းသမားတွေရန်ကနေ ဘယ်လိုကာကွယ်ကြမလဲ။ တန်ဖိုးမြင့်တဲ့ အချက်ပေးစက်တွေ တပ်ထားနိုင်ရင်တော့ စိတ်ချရပေမယ့် တခြားနည်းလမ်းလေးတွေလည်း ရှိနေပါသေးတယ်။

ဒီနေ့ မိမိရဲ့အိမ်ကို ဖောက်ထွင်းသမားတွေရန်ကနေ ဘယ်လိုကာကွယ်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

သူစိမ်းတွေအိမ်လာရင် တန်ဖိုးရှိပစ္စည်းတွေကို လုံခြုံအောင်ထားပါ

အိမ်ကို သူစိမ်းတွေ ဥပမာ ပိုက်ပြင်သမား (သို့) မီးသမားတွေ လာခဲ့မယ်ဆိုရင် တန်ဖိုးကြီးပစ္စည်းတွေကို လူမမြင်အောင် ဖွက်ထားပါ။ သူတို့တွေဟာ ပစ္စည်းတွေကို သေချာကြည့်ထားဖို့ အချိန်လုံလုံလောက်လောက်ရှိပါတယ်။ လွယ်ရင် သူကြွယ်တောင် သူခိုးဖြစ်တယ်ဆိုတဲ့ စကားပုံရှိပါတယ်။ ဒါပေမယ့် ပိုက်ပြင်သမား (သို့) မီးသမားတွေတိုင်းကို ဖောက်ထွင်းသမားတွေလို့ ပြောလို့မရပါဘူး။ ဒါပေမယ့် သတိတော့ထားသင့်ပါတယ်။

သူခိုးကို ဖုန်းမြည်သံမကြားခိုင်းစေနဲ့

တစ်ချို့ သူခိုးတွေက ကြိုးဖုန်းကိုခေါ်တဲ့နည်းလမ်း အသုံးပြုလေ့ရှိကြတယ်။ အိမ်ဖုန်းကိုခေါ်ပြီး ပြန်ဖြေတာကို စောင့်ကြတယ်။ ဖုန်းကိုင်တဲ့လူမရှိဘူးဆိုရင် အိမ်မှာလူမရှိဘူးလို့ သူတို့တွေက ယူဆကြတယ်။ အကောင်းဆုံးကတော့ ရက်ရှည်ခရီး (သို့) ရက်တို ခရီးသွားရမယ်ဆိုရင် အိမ်ကကြိုးဖုန်းကို ပိတ်ထားခဲ့တာ အကောင်းဆုံးပါ။

အိမ်ပတ်ဝန်းကျင်ကို ဂရုစိုက်ပေးပါ

အကယ်၍ လုံးချင်းအိမ်မှာနေတယ်ဆိုရင် မြက်ခင်းတွေ ခြုံပုပ်တွေကို ဂရုတစိုက်ရှင်းလင်းပေးပါ။ ဒီလိုမှမဟုတ်ဘဲ ခြုံပုပ်တွေ ထူနေတယ်ဆိုရင် အိမ်မှာလူမရှိဘူးလို့ ဖောက်ထွင်းသမားတွေ သိသွားပါလိမ့်မယ်။

ဟန်ဆောင်ပါ

သင်ဟာ အိမ်ကနေ ထွက်သွားရမယ်ဆိုပါစို့။ လမ်းပေါ်လည်းရောက်နေပြီ။ မသင်္ကာစရာကောင်းတဲ့ လူစိမ်းတွေကို အိမ်အနားမှာတွေ့တယ်ဆိုရင် မရှက်ပါနဲ့ အိမ်မှာတစ်ယောက်ယောက်ရှိနေသယောင် အိမ်ဖက်လှည့်ပြီး လက်ကိုဝှေ့ယမ်းပြလိုက်ပါ။

ပြတင်းပေါက်လိုက်ကာတွေ အနည်းငယ်ဖွင့်ထားပါ

ပြတင်းပေါက်လိုက်ကာတွေကို ရက်အကြာကြီးပိတ်ထားတာက အိမ်မှာလူမရှိကြောင်း သိသာစေပါတယ်။ ဘာလို့လဲဆိုတော့ နေရောင်မကြိုက်တဲ့လူ သိပ်မရှိလို့ပါပဲ။ အနည်းဆုံးတော့ တစ်နေ့ကို တစ်ကြိမ်လောက် ပြတင်းပေါက်လိုက်ကာတွေ ဖွင့်ထားတတ်ကြတယ်။ ဒါ့ကြောင့် အိမ်ကနေ ထွက်သွားရတော့မယ်ဆိုရင် ပြတင်းပေါက် လိုက်ကာတွေကို အနည်းငယ်စီ ဟထားပေးပါ။ အိမ်မှာ လူရှိတယ်လို့ သူခိုးတွေထင်သွားပါလိမ့်မယ်။

Source: Bright Side