တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာက ကိုယ်တိုင် ဖြစ်နေတတ်ပါတယ်။ ခဏတဖြုတ် ပျော်ဖို့အတွက် လုပ်မိတဲ့အရာတွေက ရေရှည်မှာ ကိုယ့်ကို ဒုက္ခပေးတာတွေ ရှိတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင် ကိုယ်တိုင် လုပ်နေမိပြီး သတိမပြုမိဘဲ သင့် စိတ်ပျော်ရွှင်မှု၊ စိတ်ကျန်းမာရေးကို ဒုက္ခပေးနေတဲ့ အပြုအမူတွေကို ဖော်ပြပါရစေ။ သင်က ဒီအပြုအမူတွေထဲမှာ အနည်းဆုံး တစ်ခုလောက်ကိုတော့ ဒီအချိန်ထိ လုပ်နေတုန်းပါပဲ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ ကဖင်းဓာတ် အများကြီး စားသုံးမိတာ

သင်က ကော်ဖီဆွဲနေတဲ့ Coffee Lover ဆိုရင်တော့ တစ်နေ့မှာ ကော်ဖီတစ်ခွက် မသောက်ရရင် မနေနိုင်တဲ့သူ ဖြစ်မှာပါ။ ဒါပေမဲ့ လိုတာထက် ကိုယ့်ခန္ဓာကိုယ်ထဲ ကဖင်းဓာတ် ဝင်သွားတာက သင့်အတွက် ရေရှည်မှာ မကောင်းပါဘူး။ လိုတာထက် ကဖင်းဓာတ် ပိုနေပြီဆိုရင် သင့်စိတ်ရှုပ်တာတွေ၊ ညဘက် အိပ်မပျော်တာတွေ၊ ရောဂါရတာတွေ ဖြစ်နိုင်ပါတယ်။

၂။ ရေသောက်နည်းတာ

တချို့လူတွေက အလုပ်များတာကြောင့် ရေသောက်ဖို့ မေ့လျော့တတ်ကြပါတယ်။ ရေသောက်နည်းမယ်ဆိုရင် အသားအရေ ခြောက်သွေ့တာ၊ ဆီးချုပ် ဝမ်းချုပ်တာ၊ စိတ်မကြည်တာတွေ ဖြစ်နိုင်ပါတယ်။ သင်က တစ်နေ့တာမှာ လိုအပ်တဲ့ ရေပမာဏကို မပျက်မကွက် သောက်ပေးသင့်ပါတယ်။

၃။ အိပ်ချိန်နည်းတာ

ဒီပြဿနာကိုတော့ လူငယ်အများစုမှာ တွေ့ရပါတယ်။ ငယ်ရွယ်စဉ်မှာ အိပ်ချိန်က သိပ်မသိသာပေမယ့် အသက်အရွယ် ရလာရင်တော့ သိသာလာပါလိမ့်မယ်။ လူတစ်ယောက်က အသက်အရွယ်အလိုက် တစ်နေ့မှာ ၇ နာရီကနေ ၈ နာရီလောက်ထိ အိပ်ပေးသင့်ပါတယ်။

၄။ နှိုင်းယှဉ်တာ

တခြားသူနဲ့ နှိုင်းယှဉ်တဲ့ စိတ်ကို လူတိုင်းလိုလိုမှာ တွေ့ရပါတယ်။ လူတွေရဲ့ ဗီဇကိုက မနာလိုစိတ်လေးတွေ ကပ်ပါလာတတ်ပါတယ်။ ဒီလို နှိုင်းယှဉ်တဲ့စိတ်ကို သတိထားမိမှ မြင်နိုင်ပြီး အချိန်အများစုမှာ လူတွေဟာ တခြားသူတွေနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်ရင်း စိတ်မပျော်မရွှင် ဖြစ်နေကြပါတယ်။ ဒါပေမဲ့ အောင်မြင်ပြီး ဘဝ သာယာတဲ့ လူတွေရဲ့ နောက်ကွယ်မှာ အမျိုးမျိုး ရှိနိုင်ကာ ဒုက္ခကိုယ်စီနဲ့ ဖြစ်တာမို့ သင့်ကိုယ်သင်ပဲ အာရုံစိုက်သင့်ပါတယ်။

၅။ Self-Care မလုပ်တာ

ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တာက စိတ်ချမ်းသာမှုကို သတ်ပစ်နေတဲ့ အပြုအမူ တစ်ခုပါ။ အသားအရေကို တစ်ပတ်တစ်ခါ ဂရုစိုက်ပေးတာ၊ ကိုယ့်ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အရာတွေကို အာရုံစိုက်ကြည့်တာ၊ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေကို ပုံမှန်လုပ်ပေးတာတွေ လုပ်ဖို့ အရေးကြီးပါတယ်။

၆။ အိမ်မှာပဲ နေတာ

အပြင်မှာ အချိန်ကုန်ဆုံးဖို့လည်း သတိပြုသင့်ပါတယ်။ အိမ်မှာပဲ နေတဲ့ လူတစ်ယောက်ဟာ ကြာလာတာနဲ့အမျှ လူတောမတိုးတော့ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပျောက်ဆုံးနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ နေသလို အပြင်ထွက်ပြီးလည်း လူတွေနဲ့ ပေါင်းသင်း ဆက်ဆံသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar