သူငယ်ချင်းဆိုတာ ကိုယ့်ဘဝအတွက် တစ်စိတ်တစ်ပိုင်း အရေးပါသူတွေဖြစ်တာကြောင့် တန်ဖိုးထားဖို့လိုသလို အဆုံးရှုံးခံလို့လည်း မဖြစ်ပါဘူး။

တစ်ချို့အရာတွေက သူငယ်ချင်းတွေကြားက သံယောဇဉ်ခင်မင်မှုတွေကို ပြတ်တောက်စေတဲ့အထိ အားကြီးတာကြောင့် ကိုယ်ချစ်ရတဲ့ သူငယ်ချင်းနဲ့ အခင်အမင်မပြတ်ချင်ရင် ရေရှည်ပေါင်းသင်းချင်တယ်ဆိုရင် အခုပြောပြမယ့်အချက်တွေရှောင်ကျဉ်ပါ။

(၁) မနာလိုစိတ်မထားပါနဲ့

တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေကြားမှာတောင် တစ်ခါတစ်လေ မသိစိတ်ကနေ ပြိုင်ဆိုင်လိုစိတ် မနာလိုစိတ်လေးတွေ ဖြစ်တတ်ကြပါတယ်။ တကယ်တော့ ကိုယ့်သူငယ်ချင်းက ကိုယ်ထက်ပိုကောင်းတဲ့နေရာတစ်ခု အခြေအနေတစ်ခုပိုင်ဆိုင်သွားခဲ့ရင်တောင် သူနဲ့ထပ်တူဝမ်းသာပြီး ပျော်ပေးလိုက်ပါ။

မနာလိုစိတ်တွေထားနေရင် သူနဲ့ကိုယ်ကြားက ဆက်ဆံရေးက မကောင်းတဲ့ဘက်ကို ဦးတည်လာပါလိမ့်မယ်။

(၂) ပိုက်ဆံမချေးပါနဲ့

သူငယ်ချင်းတွေကြားမှာ ခင်မင်မှုတွေလျော့မသွားချင်ရင် ပိုက်ဆံနဲ့ပတ်သတ်ပြီး အရှုပ်အရှင်းကင်းကင်းနေဖို့ အကြံပြုချင်ပါတယ်။ ဘယ်လောက်ပဲရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်နေပါစေ ပိုက်ဆံကိစ္စပါလာရင် သဘောထားတွေ အနည်းငယ်တော့ ပြောင်းလဲသွားတတ်ကြပါတယ်။

ဒါကြောင့်ဖြစ်နိုင်ရင် ကိုယ့်အချစ်ဆုံး သူငယ်ချင်းတွေစီကနေ ပိုက်ဆံမချေးပါနဲ့။

(၃) ကုန်းမဆင်းပါနဲ့

လူတိုင်းလူတိုင်းမှာ အဆင်ပြေတဲ့အချိန်ရှိမယ် အနည်းငယ်ကျပ်တည်းနေချိန်လည်း ရှိချင်ရှိမယ်။ ကိုယ့်သူငယ်ချင်းမို့ အဆင်ပြေချိန်မှာ ဝယ်ကျွေးလိုက်ပေမယ့် နောက်လဲအမြဲ အလကားစားချင်နေလို့တော့ မရပါဘူး။

ချိန်းလိုက်တိုင်း ဆိုင်ထိုင်တိုင်းမှာ ကိုယ်ပဲထုတ်နေရရင် ဘယ်သူပဲဖြစ်ဖြစ် ငြိုငြင်လာမှာသေချာပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေကြားမှာ အခင်အမင်မပြတ်ချင်ရင် ဖရီးကြိတ်တဲ့အကွက်တွေ ရှောင်သင့်ပါတယ်။

(၄) ကိုယ်ရေးကိုယ်တာကိစ္စတွေ ဝင်မပါပါနဲ့

သူငယ်ချင်းဆိုတာ မိသားစုတမျှ ခင်မင်ရင်းနှီးကြတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ ကိုယ်ဝင်ပါလို့ မကောင်းတဲ့နေရာတွေရှိပါတယ်။ လူတိုင်းလူတိုင်းမှာ ကိုယ်ရေးကိုယ်တာကိစ္စတွေ ရှိတတ်တာမို့ သူငယ်ချင်းဆိုတဲ့အရှိန်နဲ့ သူများရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ဝင်စွပ်ဖက်တာမျိုးတော့မလုပ်သင့်ပါဘူး။

အကယ်၍ ကိုယ့်သူငယ်ချင်းက အကြံအဉာဏ်တောင်းတယ်ဆိုရင် ပေးလိုက်ပါ။ စေတနာ ဗလပွနဲ့တော့ ကိုယ်ဘက်ကစပြီး သူရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဝင်စွက်ဖက်မိတာမျိုး မလုပ်တာအကောင်းဆုံးဖြစ်မှာပါ။