ဘာကြောင့် အခုထိ မအောင်မြင်သေးတာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖူးပါသလား။ အဖြေတွေ အများကြီးထွက်လာနိုင်တဲ့ ဒီမေးခွန်းထဲမှာ တစ်ခုက အချိန်တွေ အကျိုးမဲ့ကုန်စေတဲ့ ကိစ္စတွေကြောင့် အခုထိမအောင်မြင်သေးတာပဲ ဖြစ်ပါတယ်။

ဘဝမှာ အောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့ အချိန်ကို သိပ်တန်ဖိုးထားပါတယ်။ဒါကြောင့်ပဲ အခုပြောတဲ့ အကြောင်းအရာတွေပေါ်မှာ သူတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်ကို အကုန်မခံတာပဲ ဖြစ်ပါတယ်။

(၁) Social Media

လူမှုကွန်ရက်တွေပေါ်မှာ တစ်နေ့ကို ဘယ်နှစ်နာရီအထိ အချိန်ဖြုန်းမိပြီလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။ အောင်မြင်သူတွေဟာ လူမှုကွန်ရက်ကို သတင်းအချက်အလက်သစ် ရရုံလောက်ပဲ ခဏလောက် သုံးတာ ဖြစ်ပြီး ဒီအပေါ်မှာ အချိန်အကုန်မခံကြပါဘူး။

(၂) စိတ်ခံစားမှုကျဆင်းစေမယ့် အရာတွေ

ဘဝမှာ အောင်မြင်ချင်ရင် အကောင်းမြင်မှုတွေ ဖြည့်ဆည်းထားဖို့ လိုပါတယ်။ စိတ်ခံစားချက်ကို ပျက်ယွင်းစေမယ့် အရာတွေက ဘဝမှာ အားနဲ့မာန်နဲ့ ရှေ့ဆက်သွားမယ့်ကိစ္စတွေအတွက် အဟန့်အတား ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ထိခိုက်စေမယ့် အရာတွေအတွက် အချိန်မပေးတာ အကောင်းဆုံးပါပဲ။

(၃) မထိန်းချုပ်နိုင်တဲ့ ကိစ္စများ

တစ်ချို့အရာတွေက သူ့သဘောသူဆောင်သွားကြတာ ဖြစ်ပြီး ကိုယ်က လိုက်ပြီး ထိန်းချုပ်လို့ မရပါဘူး။ အောင်မြင်တဲ့သူတွေဟာ ကိုယ်မတတ်နိုင်တဲ့ အချိန်တွေအတွက် ဝမ်းနည်းသောကအဖြစ်မခံသလို အဲ့အတွက်လည်း အချိန်ကုန်မခံဘဲ အခြေအနေကို လက်ခံလိုက်ပြီး ဘယ်လိုအကောင်းဆုံး ဖြေရှင်းရမလဲ စဉ်းစားကြပါတယ်။

(၄) အဆိုးမြင်သူတွေ

အရာရာကို အပျက်သဘောတွေးတတ်သူတွေနဲ့ မကောင်းမြင်တတ်သူတွေဟာ သူတို့ကိုရော ပတ်ဝန်းကျင်ကိုပါ တစ်နည်းနည်းနဲ့ ဖျက်ဆီးတတ်သူတွေ ဖြစ်ပါတယ်။ အကောင်းဆုံး အရည်အသွေးတွေ ထုတ်ပြမယ့်သူဟာ သူတို့နားမှာ အကောင်းဆုံးလူတွေကိုပဲ ထားရှိတတ်သလို မကောင်းမြင်သူတွေနဲ့ လည်း အချိန်ကုန်မခံတတ်ပါဘူး။

(၅) တစ်ခြားသူတွေ ဘာလုပ်သလဲ

အောင်မြင်ပေါက်မြောက်တဲ့သူတွေဆိုတာ လုပ်စရာကိစ္စတွေ များလို့ အချိန်ရှားပါးကြပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ အချိန်ကို တန်ဖိုးရှိရှိအသုံးချဖို့ပဲ စဉ်းစားပါတယ်။ သူတို့ရဲ့ အချိန်ကို တစ်ခြားသူတွေ ဘာလုပ်နေကြတယ် ၊ သူတို့ ဘယ်လိုအခြေအနေတွေ ရောက်နေလို့ ဘာတွေ ဖြစ်နေကြတယ် ဆိုတာကို ခေါင်းထဲလည်း မထည့်သလို အဲ့ဒီအကြောင်းတွေကို လာပြောသူတွေနဲ့လည်း အချိန်ကုန်ခံ စကားပြောမနေတတ်ကြပါဘူး။

Photo Source : Shutterstock