မျက်နှာအဆီပြန်ခြင်း က လူအများစုမှာ ဖြစ်လေ့ရှိကြပါတယ်။ ရာသီဥတု နည်းနည်းလောက်ပူလာတာနဲ့ မျက်နှာမှာချွေးနဲ့ အဆီပြန်မှုတွေက မြင်မကောင်းအောင်ဖြစ်လာတက်ပါတယ်။

ဒီနေ့မှာတော့ အဆီပြန်တဲ့ အသားရေပိုင်ရှင်တွေသိထားသင့်တဲ့ မျက်နှာအဆီပြန်ခြင်းကို သက်သာစေမယ့် နည်းလမ်းတွေကိုပြောပြပေးချင်ပါတယ်။

Moisturizer လိမ်းပါ

မျက်နှာအသားအရေအတွက် အစိုဓာတ်ထိန်းသိမ်းခြင်း အဆင့်ကလည်း ကျော်မသွားသင့်ပါဘူး။ မျက်နှာသစ်ပြီးခါစ အချိန်မျိုးတွေမှာ အသားရေနူးညံ့စိုပြေစေဖို့ အစိုဓာတ်ထိန်းခရင်မ် မဖြစ်မနေလိမ်းပေးရမှာဖြစ်ပါတယ်။

သတိထားရမှာတစ်ခုက အစိုဓာတ်ထိန်းခရင်မ်တွေဟာ များများလိမ်းလေ ထိရောက်လေဆိုတာတော့ မဟုတ်ပါဘူး။ အစိုဓာတ်ထိန်းခရင်မ် အများအပြားလိမ်းမယ်ဆိုရင် ပိုပြီးအဆီပြန်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ အဆီဓာတ်ပါဝင်မှုနည်းတဲ့ သဘာဝအသီးအနှံတွေနဲ့ပြုလုပ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်မျိုးလိမ်းသင့်ပါတယ်။

Face Mask ကပ်ပါ

ရွံစေးနဲ့ ပြုလုပ်ထားတဲ့ Face Mask တွေဟာ အဆီပြန်မှုကိုသက်သာစေပြီး မျက်နှာပေါ်က အညစ်အကြေးနဲ့ အမဲစက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ ဒါကြောင့် တစ်ပတ်ကိုအနည်း ၂ ကြိမ်ခန့် Mask ကပ်သင့်ပါတယ်။

Mask အသုံးပြုတဲ့အခါ အချိန်အကြာကြီးထားတာမျိုး Mask ကပ်ပြီး အိပ်တာမျိုးတော့ ရှောင်ကျဉ်သင့်ပါတယ်။ နာရီဝက်လောက်မျက်နှာမှာကပ်ထားရုံနဲ့ လုံလောက်ပြီး မှန်ကန်တဲ့ထိရောက်မှုဖြစ်စေမှာပါ။

မျက်နှာသစ်ဆေး မှန်ကန်အောင်ရွေးချယ်ပါ

အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေဟာ မျက်နှာသစ်ဆေးကို အထူးဂရုစိုက်ရွေးချယ်ဖို့ လိုပါတယ်။ သာမာန်မျက်နှာသစ်ဆေးတွေ ရေချိုးဆပ်ပြာတုံးလို အပြင်းစားဆပ်ပြာတွေနဲ့ အလွယ်တကူမျက်နှာသစ်တာမျိုးတွေက သင့်ကိုပိုပြီးအဆီပြန်စေမှာဖြစ်ပါတယ်။

အကောင်းဆုံးကတော့ အဆီပြန်တက်တဲ့သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေးမျိုးကိုရွေးချယ်အသုံးပြုသင့်ပါတယ်။