COVID-19 ကပ်ဘေးအကြပ်အတည်းမှာ လူတော်တော်များများ အလုပ်အကိုင် ဆုံးရှုံးခဲ့ကြပါတယ်။ များသောအားဖြင့် လစာအလျှော့ခံရတာကို အတော်များများ ကြုံခဲ့ကြပါတယ်။ ဒီကာလမှာ ကံအဆိုးဆုံးက အလုပ်ဖြုတ်ခံလိုက်ရတဲ့သူတွေပဲ ဖြစ်ပါတယ်။

အလုပ်အကိုင်ဆုံးရှုံးခြင်းဟာ စိတ်ဖိစီးမှုနဲ့အတူ သောကများမှုပါ ခေါ်ဆောင်လာပါတယ်။ အလုပ်အကိုင်မရှိတော့တာကြောင့် ပုံမှန်စားဝတ်နေရေးဝန်ကို ထမ်းဖို့ပါ ခက်ခဲလာသလို ကိုယ်ယူထားတဲ့ မိသားစုတာဝန်တွေအတွက်ပါ စိတ်ပူစရာတွေ ဖြစ်လာပါတယ်။ သင့်မိတ်ဆွေထဲမှာ ကိုဗစ်ကြောင့် အလုပ်အကိုင်ဆုံးရှုံးလာသူတွေ ရှိရင် သူတို့ကို ဒီလိုအကြောင်းအရာတွေ မပြောမိအောင် နေဖို့ လိုပါတယ်။

(၁) အဆင်ပြေသွားမှာပါလို့ လွယ်လွယ် မပြောလိုက်ပါနဲ့

Source : Shutterstock

ဒီစကားကို သင့်အရင် လူပေါင်းများစွာ ပြောခဲ့ပြီး ဖြစ်မှာပါ။ အလုပ်အကိုင် မရှိတော့လို့ သောကများနေသူကို “ဒါမျိုးက ဖြစ်တတ်ပါတယ်။ ပြီးသွားမှာပါကွာ”လို့ ပေါ့ပေါ့လေး ပြောလိုက်တာဟာ အပြောခံရသူအတွက် အနာပေါ် တုတ်ကျ ခံစားရခက်တတ်သလို စာနာစိတ်ကင်းတဲ့ စကားလို့ပါ မှတ်သွားနိုင်ပါတယ်။ အထူးသဖြင့် အဲ့လို ပြောလိုက်သူက အလုပ်နဲ့အကိုင်နဲ့ အဆင်ပြေနေရင်ပေါ့။

(၂) ကုမ္ပဏီကိုချည်းလည်း အပြစ်ဖို့ မနေပါနဲ့

Source : Healthline

ဒီကာလမှာ အလုပ်တွေ လူလျှော့တဲ့ ကိစ္စကို ကုမ္ပဏီတွေဟာ အလွယ်ကလေး ဆုံးဖြတ်လိုက်တာတော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ ကပ်ဘေးကြောင့် တစ်ချို့ အလုပ်တွေက ဆက်လည်ပတ်ဖို့ လတ်တလော မဖြစ်နိုင်တာကြောင့် ရပ်လိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်မိတ်ဆွေကို အလုပ်ဖြုတ်လိုက်တဲ့ ကုမ္ပဏီအကြောင်း ဦးစားပေးပြောမယ့်အစား အဖြေတစ်ခုခု ကူရှာပေးလိုက်တာပဲ ဖြစ်သင့်ပါတယ်။

(၃) အရမ်းတွန်းအားပေးတဲ့ စကားမျိုးလည်း မပြောပါနဲ့

Source : GenPI.co

အခုလောလောဆယ်မှာ အလုပ်ပြုတ်လာတဲ့ သူငယ်ချင်းကို Motivation တွေ စွတ်တင်မနေဖို့လည်း လိုပါတယ်။ ဖေးမတယ်ဆိုရာမှာလည်း တကယ်နားလည်အောင် နားထောင်ပေးဖို့ပဲ လုပ်သင့်ပါတယ်။ မလိုအပ်ဘဲ အရမ်းတွေ တွန်းအားပေးခြင်းဟာ တစ်ဖက်လူကို ဒေါသဖြစ်အောင် ပေါက်ကွဲဖို့ စနက်မီးမွှေးလိုက်လိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။

(၄) အလိုက်ကမ်းဆိုးမသိတဲ့ ဟာသတွေ မပြောပါနဲ့

Source : Avera Health

“အနည်းဆုံးတော့ မင်း Boss နဲ့ ထပ်တွေ့စရာမလိုဘူးပေါ့” တို့ “မင်းကုမ္ပဏီ ကြာကြာခံမှာ မဟုတ်ပါဘူးကွာ”တို့လို ကိုရိုးကားရားဟာသတွေ ရှောင်ရှားဖို့လည်း လိုပါတယ်။