အမျိုးသမီးတွေဟာ ဘယ်လောက်ပဲ သန်မာပြီး လွတ်လပ်မှုရှိသူတစ်ဦးဖြစ်နေပါစေ ထိခိုက်လွယ်၊ ခံစားလွယ်တဲ့ အသက်ရှိသတ္တဝါတွေဖြစ်ပါတယ်။ တစ်ခါတစ်လေကျရင် သူတို့လုပ်သမျှ၊ ပြောသမျှ၊ ခံစားရသမျှအတွက် မလိုလားတဲ့အပြစ်တင်စိတ်တွေကို ကြုံတွေ့ရတတ်ပါတယ်။ “နင်ကလေးယူသင့်နေပြီ”၊ “နင့်ဝါသနာက အဓိပ္ပာယ်ကိုမရှိဘူး”၊ “ဝတ်ပုံစားပုံက ဘယ်လိုကြီးလဲ” စသဖြင့် အပြင်ဖက်ရဲ့ထောင်ပေါင်းများစွာသော ဖိအားတွေကြောင့် မကြာခဏဆိုသလို ခံစားရခြင်းဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဒီလိုအခြေအနေတွေကြောင့် ‌တောင်းပန်စရာ၊ အားနာစရာမလိုပါဘူး။

ကိုယ့်ကိုယ်ကို ပိုချစ်လာတတ်ပြီး ပိုမိုကောင်းမွန်စွာဆက်ဆံနိုင်ဖို့အတွက် မိန်းကလေးတွေအနေနဲ့ အပြစ်ရှိစိတ် ဘယ်တော့မှမခံစားသင့်တဲ့ အခြေအနေ၊ အချိန်အခါတစ်ချို့ကို ပြောပြပေးပါမယ်။

၁။ ငြင်းဆန်တဲ့အခါ

အမျိုးသမီးတွေဟာ “မလိုချင်၊ မဖြစ်ချင်၊ မရှိချင်” တာနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား ငြင်းဆန်မိလိုက်ခြင်းနဲ့ပတ်သက်ပြီး အပြစ်တင်စိတ် မကြာခဏခံစားရတတ်ပါတယ်။ ဘယ်လိုရလဒ်တွေပဲ နောက်ဆုံးမှာထွက်လာခဲ့ပါစေ ပြောသမျှ၊ ပေးသမျှ၊ ဖြစ်သမျှကို “yes” လို့ပြောဖို့က ပိုပြီးလွယ်ကူပါတယ်။ သို့သော်လည်း ကိုယ်မလိုချင်တာ၊ ကိုယ်ဆန္ဒမရှိတာမျိုးဆိုရင် “no” လို့သာ ပွင့်ပွင့်လင်းလင်းပြောပါ။ ဘာမှအားနာနေစရာမလိုပါဘူး။

၂။ ယောကျ်ားဆန်ဆန် သို့မဟုတ် မိန်းကလေးဆန်ဆန် ပစ္စည်းတွေကို သဘောကျခြင်းကြောင့်

လူကဖြင့်အပျိုအရွယ်ဖြစ်နေပြီ မိန်းကလေးလို မပြုမူတတ်၊ မဝတ်စားတတ်သေးဘူးလားဆိုပြီး ဘယ်နှစ်ခါအပြောခံရဖူးပါသလဲ။ မိန်းကလေးဖြစ်လို့ဆိုပြီး စက်ပြင်ဆရာအဖြစ် လုပ်စားလို့မရဘူးလို့ ဘယ်သူလာပြီးပြောခွင့်ရှိပါသလဲ။

သင့်ဘဝဆိုတာကို သတိရပြီးတော့ သင်ဘာလိုချင်သလဲ ဘာဖြစ်ချင်သလဲဆိုတာကို သင်သာဆုံးဖြတ်ခွင့်ရှိပါတယ်။ မိန်းကလေးဖြစ်လို့ သိုးမွှေးထိုးတာထက် စက်ဘီးကိုပိုကြိုက်လို့မရဘူးဆိုပြီး သတ်မှတ်ထားတဲ့စည်းမျဥ်းမရှိပါဘူး။

၃။ မိတ်ကပ်မလိမ်းလို့

မိန်းကလေးဖြစ်လို့ မိတ်ကပ်လိမ်းသင့်တယ်လို့ ခံစားရတဲ့အထဲမှာ သင်ပါပါသလား။ မိတ်ကပ်လိမ်းရတာ မကြိုက်ရင်တောင်မှ မိန်းကလေးဖြစ်နေလို့ဆိုတဲ့ ဖိအားကြီးကြောင့် မိတ်ကပ်လိမ်းကိုလိမ်းရတဲ့ အခြေအနေတွေလည်း ရှိဖူးမှာပါ။ မိတ်ကပ်မကြိုက်ဘူးဆိုရင် မလိမ်းပါနဲ့။ ပါးပါးလေးလိမ်းတာဖြစ်ဖြစ် ထူထူလိမ်းတာဖြစ်ဖြစ် ‌ဆုံးဖြတ်ချက်ချရမှာ၊ ရွေးချယ်မှုပြုလုပ်ရမှာ သင့်ကိစ္စပါ။

၄။ အပျော်ကြိုက်လို့

ခုန်ပေါက်ကချင်တယ်၊ သီချင်းအော်ဆိုချင်ပေမယ့်လည်း တခြားလူတွေ ငါ့ကိုဘယ်လိုတွေးနေလိမ့်မလဲဆိုပြီး အတွေးတွေက အမြဲဝင်လာတတ်ပါသလား။ ဘာလို့သူများအမြင်ကို ဂရုစိုက်နေမှာပါလဲ။ တစုံတယောက်ကို ထိခိုက်ဒဏ်ရာမဖြစ်စေသေးသရွေ့ ကိုယ်ချင်တာမှန်သမျှ ကိုယ်လုပ်လို့ရပါတယ်။

၅။ ခံစားချက်တွေပွင့်ထွက်လို့

လူသားတိုင်းမှာ ခံစားချက်တွေဆိုတာရှိကြပြီး အဲ့အချက်ကိုလူတိုင်းသိနားလည်ပါတယ်။ တစ်ခါတစ်လေ အကြောင်းအရင်းမရှိဘဲနဲ့လည်း ငိုကြွေးဖို့ ရယ်မောဖို့လိုအပ်ပါတယ်။ တစ်ယောက်တည်းနေချင်စိတ်၊ ဘယ်သူနဲ့မှ စကားမပြောချင်စိတ်တွေလည်း ပေါ်ရင်ပေါ်လာတတ်ပါတယ်။

ဒေါသဖြစ်နိုင်တယ်၊ ပျော်မြူးနိုင်တယ်၊ အံ့အားသင့်နိုင်တယ်၊ စိတ်ပျက်နိုင်တယ် စသဖြင့် စိတ်ခံစားချင်အမျိုးစုံက ဖြစ်ချင်သလိုဖြစ်လာတတ်လို့ တစုံတယောက်ကို အပြုံးလေးနဲ့ ပြန်မဖြေလိုက်မိလို့ ‌တောင်းပန်စရာမလိုပါဘူး။

၆။ အကူအညီလိုအပ်လို့၊ အကူအညီတောင်းခံလို့

အမျိုးသမီးတိုင်းနီးပါးဟာ အကူအညီလိုအပ်ပေမယ့်လည်း မတောင်းရဲတဲ့အခြေအနေမျိုးကို တစ်ခါလောက်တော့ ကြုံတွေ့ဖူးပါတယ်။ အထုပ်အပိုးအလေးကြီးကို မ ရတာဖြစ်ဖြစ် အိမ်အလုပ်တွေပဲဖြစ်ဖြစ် ကိုယ့်ဘာသာမလုပ်နိုင်တဲ့အခါတွေကျရင် အပြစ်တင်စိတ်ခံစားတတ်ပါတယ်။

အကူအညီလိုအပ်လို့ ‌တောင်းဆိုတာဟာ လုံးဝမူမှန်တဲ့ကိစ္စတစ်ခုဖြစ်ပြီးတော့ ဘယ်သူမှလည်း သင့်ကိုဝေဖန်မှာမဟုတ်ပါဘူး။ လူတိုင်းကလည်း ကူညီဖို့ကို ဝန်မလေးကြတာကြောင့် တောင်းပန်မယ့်အစား ကျေးဇူးတင်စကားကို လေးလေးနက်နက်ပြောလိုက်ပါ။

၇။ ဝတ်ပုံစားပုံကြောင့်

ကိုယ့်ရဲ့ဝတ်ပုံစားပုံနဲ့ပတ်သက်ပြီး သဘောမကျတဲ့သူတစ်ယောက်လောက်ကတော့ အမြဲရှိပါတယ်။ ဒါဟာသူ့အကြိုက် ကိုယ့်အကြိုက်ပေါ်မူတည်ပြီး ဖြစ်ပေါ်လာတာကြောင့် ကိုယ့်အပေါ်ကို လွှမ်းမိုးမှုမရှိပါစေနဲ့။

၈။ ကိုယ့်ခန္ဓာကိုယ်အရှိအတိုင်းကြောင့်

ဒီနေ့ခေတ်မှာ ဒီပြဿနာနဲ့ပတ်သက်ပြီး မိန်းကလေးတွေ အရမ်းကြုံတွေ့နေရပါတယ်။ “အရမ်းပိန်လွန်းတယ်” “အရမ်းဝလွန်းတယ်” “ပိန်လှီနေတာပဲ” “လူကောင်သေးလွန်းတယ်” “အရပ်အရမ်းရှည်လွန်းတယ်” စသဖြင့် တစ်မျိုးမဟုတ် တစ်မျိုးအပြောခံရနေပါတယ်။ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက်မတူကြဘူးဆိုတာနဲ့ ကိုယ်လှမလှကို ကိုယ်သာလျှင်ဆုံးဖြတ်ရမှာပါ။

Source: BrightSide