ဥာဏ်ရည်ဥာဏ်သွေးဆိုတာဟာ မွေးကတည်းက ကံကောင်းပြီးပါလာတဲ့အရာတစ်ခုလို့ လူအများကပြောလေ့ရှိပေမယ့်လည်း အမြဲတမ်းတော့ ဒီလိုပြောစကားက မမှန်ကန်နိုင်ပါဘူး။ မွေးကတည်းက ဥာဏ်ကောင်းတယ်ဆိုပြီးတော့လည်း ပြောလို့ရသလို မပါလာဘူးဆိုရင်လည်း ကိုယ်တိုင် ကြိုးစားရယူပြီး ပိုင်ဆိုင်နိုင်မယ့် အရာလို့လည်းပြောနိုင်ပါတယ်။ ကျွမ်းကျင်တဲ့သုတေသီများရဲ့ပြောစကားတွေအရတော့ သင့်ဦးနှောက်ရဲ့စွမ်းဆောင်ရည်နဲ့ သင်တွေးခေါ်ပုံတွေပေါ်မှာ သင့်ပတ်ဝန်းကျင်က ထိထိရောက်ရောက် လွှမ်းမိုးနိုင်ပါတယ်။ ဘယ်လိုပဲဆိုစေကာမူ ဥာဏ်ကောင်းပြီး ထက်မြက်သော သူတွေအများစုမှာ တွေ့ရတတ်တဲ့၊ ပြုလုပ်လေ့ရှိတဲ့ အပြုအမူတွေ၊ အမူအကျင့်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
သူများကိစ္စစိတ်မဝင်စားဘူး
တခြားလူတွေကို ဘယ်လိုဖြစ်တယ်ဆိုပြီး ဝေဖန်အကဲခတ်ခြင်း၊ နောက်ကွယ်တွေမှာ အတင်းတုပ်ခြင်းတို့က ထက်မြက်သူတွေရဲ့လုပ်ရပ်မဟုတ်ပါဘူး။ ကိုယ်နဲ့မဆိုင်တဲ့ တခြားလူတွေရဲ့ဘဝမှာ ဘာတွေဖြစ်နေသလဲဆိုတာကို အာရုံမထားပါဘူး။ ထက်မြက်သောသူတွေအနေနဲ့ သူတို့ကို နှောင့်ယှက်မယ့်သူဘယ်သူမှမရှိဘဲ တစ်ယောက်တည်း ကိုယ့်ဘာသာနေရတဲ့အချိန်တွေက သူတို့အတွက် အပျော်ဆုံးအချိန်တွေဆိုပြီးတော့လည်း မကြာသေးခင်က သုတေသနမှာ ဖော်ပြခဲ့ဖူးပါသေးတယ်။
ကိုယ့်ကိုယ့်ကိုစကားပြောပေးတယ်
ကမ္ဘာပေါ်ရှိ နာမည်အကျော်ကြားဆုံး ဥာဏ်ကြီးရှင်တွေထဲမှ တစ်ယောက်ဖြစ်တဲ့ Albert Einstein က သူ့ကိုယ်သူ စကားပြောလေ့ရှိတယ်ဆိုတာကို သင်သိပါသလား။ သုတေသီတွေရှာတွေ့ခဲ့တာကတော့ ကျယ်ကျယ်ထုတ်ပြောတာဖြစ်ဖြစ် အတွေးထဲမှာပဲပြောနေတာဖြစ်ဖြစ် ကိုယ့်ကိုယ်ကို မကြာခဏ စကားပြောပေးသူတွေဟာ မပြောတဲ့လူတွေထက် ပိုပြီးထက်မြက်ပါတယ်။ ကိုယ့်ကိုယ်ကို စကားပြောပေးခြင်းက မှတ်ဥာဏ်တိုးတက်စေကာ သင့်ရဲ့အတွေးတွေကိုလည်း ရှုပ်ထွေးမနေဘဲ အစီအစဥ်တကျဖြစ်အောင် ရှင်းလင်းရာရောက်ပါတယ်။
မကြာခဏ သီချင်းနားထောင်တယ်
လူတိုင်းကတော့ သီချင်းနားထောင်တယ်ဆိုပေမယ့်လည်း နားကြပ်တွေနဲ့ အမြဲတွေ့ရလေ့ရှိသူတွေဟာ စစ်မှန်တဲ့ပါရမီရှင်တွေပါ။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုတေသနအရ တူရိယာတစ်ခုခုတီးခတ်တတ်သူတွေဟာ သာမန်လူထက် ပိုမြင့်တဲ့ဥာဏ်ရည်ကို ပိုင်ဆိုင်ထားပြီး အမြဲတမ်းသီချင်းနားထောင်ပေးခြင်းကလည်း ဥာဏ်ရည်ထက်မြက်စေပါတယ်။
ကြိုးစားပြီးအလုပ်လုပ်ခြင်းထက် ချက်ချာပါးနပ်စွာအလုပ်လုပ်တယ်
လူအများစုပြောလေ့ရှိတဲ့စကားတွေလို ဥာဏ်ကောင်းတဲ့လူတွေဟာ အမြဲတမ်း စာလေ့လာတာမျိုး၊ အလုပ်လုပ်တာမျိုး မလုပ်ပါဘူး။ ဒီအစား သူတို့ကိုပေးထားတဲ့ တာဝန်တွေကို အခက်အခဲမရှိ၊ ခြောက်ပြစ်ကင်း သဲလဲစင် ဆောင်ရွက်နိုင်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကို ရှာဖွေတတ်ကြပါတယ်။
အမြဲတမ်းအဖြေတစ်ခုကို ရှာဖွေနေတယ်
ထက်မြက်တဲ့လူတွေအနေနဲ့ ဖြေရှင်းလို့မရတဲ့ ပုစ္ဆာတစ်ခုခုရှိနေရင်ကို မနေနိုင်မထိုင်နိုင် ဖြစ်တတ်ကြပါတယ်။ သူတို့သိချင်တာအတွက် အဖြေကိုအမြဲတမ်းရှာဖွေနေကြပြီး သာမန်လူတွေထက်ကို သိချင်စိတ်တွေ အရမ်းများတတ်လို့လည်း စာတွေဖတ်၊ နုတ်တွေထုတ်ပြီး သိမ်းထားလေ့ရှိကြပါတယ်။
အမှားကိုဝန်ခံတတ်တယ်
ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးသော အွန်လိုင်းရှော့ပင်းတစ်ခုဖြစ်တဲ့ Amazon ကို တည်ထောင်သူ Jeff Bezos ၏ပြောစကားအရ ထက်မြက်သူတွေရဲ့ အကြီးမားဆုံးသော လက္ခဏာတစ်ခုကတော့ ကိုယ်လုပ်တဲ့အမှားတွေနဲ့ပတ်သက်ပြီး လက်ခံတတ်၊ ဝန်ခံတတ်ပြီး ထိုအမှားတွေကနေ သင်ယူတတ်ခြင်းပါပဲ။ လူတိုင်းကတော့ မပြီးပြည့်စုံနိုင်ပေမယ့်လည်း ကိုယ့်ရဲ့အမှားကိုရှောင်မပြေးဘဲ ရိုးရိုးသားသားဝန်ခံတတ်ခြင်းက ထက်မြက်သူတွေရဲ့အားသာချက်ပါ။
စကားများများမပြောဘူး
ထက်မြက်တဲ့သူတွေဟာ မလိုအပ်တဲ့စကားတွေပြောပြီး တန်ဖိုးရှိတဲ့အချိန်ကို အကုန်မခံပါဘူး။ သူတို့အတွေးတွေနဲ့ သူတို့ရှုပ်ထွေးနေတဲ့အတွက်ကြောင့်မို့ တခြားလူတွေနဲ့ ရှည်ရှည်ဝေးဝေးစကားပြောလေ့မရှိကြဘဲ သူတို့ဘာသာသူတို့ နေလေ့ရှိကြပါတယ်။