ကျွန်မတို့ လူသားတွေနေထိုင်နေတဲ့ ကမ္ဘာကြီးက ကျယ်ပြန့်လှပြီးတော့ ကိုယ့်နိုင်ငံအပြင်ဖက်က တခြားနိုင်ငံတွေရဲ့ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေ အလေ့အထတွေကို စစချင်း ကြားသိချိန်မှာဆိုရင် တအံ့တဩတောင် ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။

ဥပမာအနေနဲ့ပြောရရင် အိုက်စလန်လို နိုင်ငံမှာ Christmas Eve ဆိုရင် စာအုပ်တွေ အလဲအလှယ်လုပ်ကြပြီး ချောကလက်လေးစားရင်း အေးအေးလူလူ စာအုပ်ဖတ်ပြီး အချိန်ကုန်ဆုံးကြတာပါ။

နောက်ပြီးတော့ နွေရာသီမှာ အပူဒဏ်ကို အံတုဖို့အတွက် ရေခဲရေဖြစ်ဖြစ် အအေးဖြစ်ဖြစ် အေးအေးလေးသောက်ရတာကို ကြိုက်ကြပေမယ့် တချို့အာရှနိုင်ငံတွေမှာတော့ ဘယ်ရာသီပဲဖြစ်ဖြစ် ရေက အမြဲတမ်းပူနေတတ်တာမျိုးပေါ့။

ဒီလိုမျိုးပဲ တခြားနိုင်ငံတွေရဲ့ ဘယ်လိုထူးခြားမှုတွေကိုလည်း သိနိုင်ဦးမလဲဆိုတာ ဒီဆောင်းပါးလေးမှာ လေ့လာနိုင်မှာဖြစ်ပါတယ်။

၁။ ဂျပန်နိုင်ငံ

ဂျပန်လူမျိုးတွေဟာ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ ပိုနေနိုင်ကြပြီးတော့ ဒါဟာ ဘာကြောင့်လဲဆိုပြီး သုတေသီတွေ လေ့လာကြတဲ့အခါမှာ ရေနွေးနွေးနဲ့ ရေချိုးခြင်းရဲ့ အကျိုးကျေးဇူးတွေလည်း ပါနေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ဂျပန်နိုင်ငံမှာဆိုရင် ရေပူစမ်းတွေကလည်း များပြားလှပြီးတော့ ဟိုတယ်တွေ Spa တွေမှာပါ ရှိတတ်ကြပါတယ်။ ဒီလို ရေပူစမ်းနဲ့ အလှမ်းကွာကြသူတွေအနေနဲ့လည်း ကိုယ့်အိမ်မှာပဲ ရေနွေးနွေးနဲ့ ရေချိုးပေးခြင်းဖြင့် သွေးလည်ပတ်မှုကို ပိုကောင်းစေပြီး ယေဘုယျအားဖြင့် ကျန်းမာရေးကို တိုးတက်စေပါတယ်။

၂။ အာရှနိုင်ငံအများစုမှာ အပြင်စီးဖိနပ်တွေကို အိမ်ထဲမစီးခြင်း

ဒါကတော့ ကျွန်မတို့ မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၊ ဂျပန်နဲ့ ကိုရီးယားတို့လို့ အာရှနိုင်ငံတွေအပြင် နယ်သာလန်လိုမျိုး တချို့သော ဥရောပနိုင်ငံတွေမှာတောင် အပြင်စီးဖိနပ်တွေကို အိမ်ထဲမစီးကြပါဘူး။

အပြင်က အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကို အိမ်ထဲသယ်လာမိပြီး ကလေးငယ်လေးတွေ တိရိစ္ဆာန်တွေကို ရောဂါပိုးကူးစက်မိစေမှာ စိုးလို့ဖြစ်ပါတယ်။

၃။ အိန္ဒိယနိုင်ငံ

နိုင်ငံအများစုမှာက ဒိန်ချဥ်စားတဲ့အခါ အသီးအနှံတွေ သကြားအချိုအရသာတွေ အများကြီးပေါင်းထည့်ပြီးတော့ ချိုချိုလေးစားလေ့ရှိကြပါတယ်။ ဒိန်ချဥ်က ကျန်းမာရေးနဲ့ညီညွတ်ပေမယ့်လည်း အချိုအများကြီး စားခြင်းက ကျန်းမာရေးအတွက်မကောင်းပါဘူး။

အိန္ဒိယနိုင်ငံနဲ့ အခြားသော အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒိန်ချဥ်ကို ပါးပါးကြည်ကြည်လေးကိုမှ ဆားနဲ့ တခြား အမွှေးအကြိုင်တို့ပေါင်းထည့်ပြီး စားသုံးတတ်ကြပါတယ်။ နောက်ပြီး သခွားသီး၊ ခရမ်းချဥ်သီး၊ ကြက်သွန်နီတို့ကိုလည်း နုပ်နုပ်စဥ်းပြီး ထည့်သွင်းစားသုံးနိုင်ပါတယ်။

၄။ ရေချိုးခန်းများ

အမေရိကန်နိုင်ငံက ရေချိုးခန်းအများစုမှာ ရေချိုးကန်ထဲက ရေထွက်ပေါက်တစ်ခုသာရှိပါတယ်။ ဒါဟာ ရေချိုးခန်းမှာ စိုထိုင်းမှုကို သက်သာစေတာမှန်ပေမယ့်လည်း ရေချိုးခန်းသန့်ရှင်းရေးလုပ်မယ်ဆိုရင်တော့ မလွယ်တော့ပါဘူး။

ဒါကြောင့် အခန်းထောင့်တစ်နေရာမှာ ရေထွက်ပေါက်တစ်ခုလောက်တော့ ရှိထားမှသာလျှင် တစ်ခုခုဖိတ်သွားလို့ ပြန်ပြီးသန့်ရှင်းတဲ့အခါ မြန်ဆန်လွယ်ကူမှာဖြစ်ပါတယ်။

၅။ အိမ်သာများ

အိမ်သာတက်တော့မယ်ဆိုရင် တစ်သျှူးသုံးတာနဲ့ ရေသုံးတာနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရာတွေက အမြဲတမ်းရှိနေတတ်ပြီး အထူးသဖြင့် ဘိုထိုင်အိမ်သာတွေဆိုရင် ပိုဆိုးပါတယ်။

အိမ်သာတက်ပြီး ရေအသုံးပြုခြင်းက တစ်သျှူးစက္ကူတို့ထက် ပိုပြီးသန့်စင်နိုင်သလို ပိုပြီးတော့လည်း တစ်ကိုယ်ရည်သန့်ရှင်းမှုဖြစ်စေပါတယ်။ နောက်ပြီး စက္ကူလျှော့သုံးခြင်းကလည်း သဘာဝပတ်ဝန်းကျင်အတွက် အထောက်အကူဖြစ်စေပါတယ်။

Source: Brightside