သင်က သင့်ကိုယ်သင် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ဖို့ ကြိုးစားနေတဲ့သူဆိုရင် ကိုယ့်စိတ်ထဲ ရှိတဲ့အတိုင်း ပြောဖို့ မကြောက်ရွံ့သင့်ပါဘူး။ အခုဖော်ပြထားတဲ့အရာတွေကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေ ပြောရဲကြတဲ့၊ ပြောလေ့ရှိတဲ့ အရာတွေ ဖြစ်ပါတယ်။

၁။ ကျေးဇူးတင်ပါတယ်

လူတစ်ယောက်ယောက်က ကိုယ့်ကို ချီးကျူးတယ်ဆိုရင် ဒီစကားကို “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ လက်ခံစကားနဲ့ ပြောသင့်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့ကောင်မလေးတွေက သူတို့ကို ချီးကျူးရင် မနေတတ်ဘဲ “မလှပါဘူး၊ ဘာလိုသေးတယ်၊ ဘာကို မကြိုက်ဘူး” စသဖြင့် ချီးကျူးစကားကို လက်မခံရဲကြပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေကတော့ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားကို ပြောရဲကြပါတယ်။

၂။ ကျွန်မလိုချင်တဲ့ လစာ

သင်က အားနာစိတ်နဲ့ ကိုယ်နဲ့ ထိုက်သင့်တဲ့ လစာတန်ဖိုးကို မတောင်းရဲတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်တာဝန်နဲ့ ကိုယ် ရထိုက်တာကို တခြားသူတွေနဲ့ ညှိနှိုင်းတိုင်ပင်ရဲသင့်ပါတယ်။

၃။ နိုး

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေက ကိုယ်နဲ့အဆင်မပြေတဲ့ အရာဆိုရင် ငြင်းပယ်ဖို့ အားမနာတတ်ကြပါဘူး။ ကိုယ်ဘယ်လိုမှ လုပ်ပေးလို့ မရတဲ့ အရာအတွက် ပွင့်ပွင့်လင်းလင်း ပြောတတ်ဖို့ လိုပါတယ်။ သင့်အနေနဲ့ လူတိုင်းကို စိတ်ကျေနပ်အောင် လုပ်ဖို့မဖြစ်နိုင်တာကို သိထားသင့်ပါတယ်။

၄။ ငါက လှတယ်၊ ကြည့်ကောင်းတယ်

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလိုက်လို့ ဘယ်သူ့ကိုမှ ထိခိုက်သွားတာ မရှိပါဘူး။ မှန်ရှေ့မှာ နေတဲ့အချိန် သင့်ကိုယ်သင်လှတယ်ဆိုပြီး အသိအမှတ်ပြုသင့်ပါတယ်။ လူတိုင်းမှာ လှပမှု တစ်ခုစီ ကိုယ်စီရှိပါတယ်။ သင်က စိတ်အဆင်ပြေနေရင် ဒါကို လက်ခံပြီး ပျော်ပျော်ရွှင်ရွှင်နေသင့်ပါတယ်။

၅။ ငါ မပျော်ဘူး

လူတိုင်း ပျော်ရွှင်ဖို့ ထိုက်တန်ပါတယ်။ သင်က သင့်ကောင်လေးနဲ့ မပျော်ရင် မပျော်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ သင့်အလုပ်ရှင်က သင့်အပေါ် ဆက်ဆံပုံကို သင် သဘောမကျရင် အဆင်မပြေကြောင်း ရိုးရိုးသားသား ပြောသင့်ပါတယ်။

၆။ ကျွန်မလုပ်ခဲ့တာ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူတစ်ယောက်အနေနဲ့ အလုပ်တစ်ခုကို ကိုယ်တစ်ယောက်တည်းပဲ လုပ်ခဲ့ရင် ကိုယ်ပဲ လုပ်ခဲ့တာ ဖြစ်ကြောင်း အားမနာဘဲ ပြောသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစွာ အရည်အချင်းတွေ ထုတ်ပြဖို့ မကြောက်ရွံ့သင့်ပါဘူး။

၇။ အကူအညီလိုတယ်

သင်က အကူအညီလိုအပ်ရင် လူတွေဆီက တောင်းရဲသင့်ပါတယ်။ လူတွေဆီက အကူအညီမတောင်းဘဲ တစ်ယောက်တည်း ကျိတ်ခံပြီး ပင်ပန်းနေတာထက် အကူအညီတောင်းကြည့်တာက ဘာမှမဖြစ်သွားပါဘူး။ ယုံကြည်မှု ရှိသူတစ်ယောက်အနေနဲ့ တစ်ပါးသူဆီက ရဲရဲဝံ့ဝံ့ အကူအညီတောင်းတတ်ဖို့ လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar