တစ်ယောက်နဲ့တစ်ယောက် အပေးအယူမမျှခြင်း၊ နားလည်မှုမရှိခြင်းဟာ အိမ်ထောင်တစ်ခုပြိုကွဲရခြင်းရဲ့ အဓိကအကြောင်းအရင်းနှစ်ခုပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ယောက်အတူတူ ချစ်လို့ လက်ထပ်ဖို့ ရွေးချယ်ခဲ့တယ်ဆိုတာ သက်ဆုံးတိုင်အတူတူ ပေါင်းသင်းချင်လို့ပဲမဟုတ်လား။

ဒီလိုမျိုး ထာဝစဉ်ရွှေလက်တွဲသွားချင်တယ်ဆိုရင် ကိုယ့်ရဲ့မျှော်လင့်ချက်တွေကို ချိုးနှိမ်ထားဖို့လိုအပ်ပါလိမ့်မယ်။ သူ့ကိုတော့ ငါ့အတွက် ဒီလိုလုပ်ပေးစေချင်လိုက်တာဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ အိမ်ထောင်ပြုပြီးနောက် တကယ့်လက်တွေ့ဘဝမှာ တစ်ဖက်လူက ကိုယ့်လိုအင်ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်တဲ့အခါ အကွဲကွဲအပြဲပြဲတွေ ဖြစ်သွားပါရော။

ဒါ့ကြောင့် ချစ်သူနှစ်ယောက် နှစ်ယောက်တစ်ဘဝ ထူထောင်တဲ့အခါ ဘယ်လိုအချက်လေးတွေကို အိမ်ထောင်မပြုခင်ကတည်းက ညှိနှိုင်းထားသင့်သလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။

နှစ်ယောက်စလုံးရဲ့ ဝင်ငွေကို ဘယ်လိုအသုံးပြုမှာလဲ

နှစ်ယောက်ပေါင်း စုငွေကို ဘယ်လောက်ထိ ထားပြီး စုမလဲ၊ သူ့အိမ်မက်၊ ကိုယ့်အိမ်မက်အသီးသီးအတွက် (သို့) ကိုယ် ဝယ်ချင်တာတွေ သုံးချင်တာတွေအတွက် ဘယ်လောက်ဖယ်ထားမလဲ အစရှိတာတွေကို အိမ်ထောင်မပြုခင်ကတည်းက ကြိုတင်တိုင်ပင်ထားသင့်ပါတယ်။

အသက်ကြီးလာပြီး ပင်စင်ယူတဲ့အခါမှာရော ဘယ်လိုလုပ်မလဲ

လူတိုင်းကတော့ အသက်ကြီးလာတဲ့တချိန်ချိန်မှာ အလုပ်ကနေ အနားယူရမှာဖြစ်ပါတယ်။ အသက်ကြီးလာလို့ အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ နာမကျန်းဖြစ်ပြီး ဖျားနာလာခဲ့သည်ရှိသော် ဘယ်လိုလုပ်ကြမလဲ။ ပိုက်ဆံ ဘယ်ကယူရမလဲဆိုတာကိုလည်း အစကတည်းက တိုင်ပင်ထားပါ။

ကလေးယူဖို့ အစီအစဉ်ရှိသလား

ဒီအချက်ကလည်း အိမ်ထောင်မပြုခင်ကတည်းက စဉ်းစားထားသင့်တဲ့ အရေးအကြီးဆုံးအချက်ပါပဲ။ အိမ်ထောင်ပြုကြတဲ့လူတိုင်းက ကလေးလိုချင်ကြတာမဟုတ်ပါဘူး။ တကယ်လို့ သင်တို့နှစ်ယောက်စလုံးက ကလေးယူဖို့ အစဉ်အစီရှိတယ်ဆိုရင်လည်း ကလေးကို သွန်သင်ဆုံးမမှုပုံစံကအစ မွေးလာတဲ့ကလေးဟာ မသန်စွမ်းကလေးတစ်ယောက်ဖြစ်နေရင် ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ အရာကအဆုံး တွေးထားသင့်ပါတယ်။

ကလေးမရနိုင်ခဲ့သော် ဘယ်လိုလုပ်မလဲ

ဒီနေ့ခေတ်လို ဆေးသိပ္ပံပညာရပ်တွေ ထွန်းကားနေတဲ့အချိန်မှာ ကလေးမရနိုင်လို့ဆိုပြီး ကွာရှင်းလိုက်တယ်ဆိုတာကတော့ သပ်သပ်အကြောင်းပြချက်ရှာတာပဲဖြစ်ပါတယ်။ ကလေးမရလာခဲ့ရင် ဖန်ပြွန်သန္ဓေသားနဲ့ ယူမှာလား (သို့) မွေးစားမှာလား အစရှိတဲ့အချက်တွေကိုလည်း တိုင်ပင်ထားရမှာဖြစ်ပါတယ်။

အိမ်မှုကိစ္စတွေကို ဘယ်လိုခွဲဝေမလဲ

အိမ်မှုကိစ္စများတွေက အမျိုးသမီးတစ်ဦးတည်းနဲ့ပဲ သက်ဆိုင်တာမဟုတ်ပါဘူး။ အမျိုးသမီးဖြစ်သူက ခင်ပွန်းနည်းတူ ငွေလည်းရှာရသေးတယ်။ ကလေးလည်း သူပဲ ထိန်းရတယ်၊ ချက်ပြုတ်လျှော်ဖွတ် ဆေးကြောတာတွေ အကုန်လုံးလည်း သူပဲ လုပ်ရတယ်ဆိုရင်တော့ တရားမျှတရဲ့လားဆိုတာ သေချာပြန်စဉ်းစားကြည့်ဖို့လိုပါမယ်။

လက်တွဲဖော်ကို တကယ်ချစ်တယ်ဆိုရင် သူ့တစ်ယောက်တည်းပေါ်မှာပဲ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလုံး တင်ထားတာမဟုတ်ဘဲ ကိုယ့်ဘက်ကနေလည်း မျှဝေပေးလိုက်မယ်ဆိုရင် အပေးအယူမျှတဲ့ အိမ်ထောင်တစ်ခုဖြစ်သွားပါလိမ့်မယ်။

သူ့မိဘ ကိုယ့်မိဘကိုရော ဘယ်လိုထောက်ပံ့ဖို့စဉ်းစားထာသလဲ

ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်သွားတဲ့အခါမှာ လူပျို အပျိုတုန်းကလိုမျိုး ကိုယ့်မိဘကို ပိုက်ဆံပြန်အပ်နိုင်မှာမဟုတ်လောက်ပါဘူး။ ထိုအခြေအနေမျိုးမှာ နှစ်ဖက်မိဘအတွက် ဘယ်လိုထောက်ပံ့ဖို့စဉ်းစားထားပါသလဲ။ ဒါ့အပြင် အိမ်ထောင်ကျရင် မိဘအိမ်မှာ နေမှာလား၊ လင်မယားနှစ်ယောက်တည်း သပ်သပ်စီခွဲနေမှာလား စတာတွေကိုလည်း ကြိုတင်တိုင်ပင်ထားသင့်ပါတယ်။

Source: Brightside.me