စိုးရိမ်စရာတွေများနေတဲ့အခါ၊ စိတ်ညစ်စရာတွေ များတဲ့အခါ၊ အစထဲက အားငယ်စိတ်ရှိတဲ့အခါ၊ စိတ်ပျော့တဲ့အခါမျိုးမှာဆိုရင် ပုံမှန်ထက်ပိုပြီး အတွေးလွန်နေတတ်ပါတယ်။ အတွေးတွေလွန်ပြီး တစ်ချိန်လုံးတွေးနေတဲ့စိတ်ကို မထိန်းချုပ်နိုင်ရင် Depression ဝင်တဲ့အထိ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အတွေးလွန်နေတဲ့ သင့်စိတ်ကို ထိန်းချုပ်ပေးနိုင်မယ့် အရာတွေကို မျှဝေပေးလိုက်ပါတယ်။

အသက်ရှူလေ့ကျင့်ခန်း၊ တရားထိုင်

အတွေးလွန်လာရင် မျက်လုံးကိုမှိတ်၊ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး အသက်ကို ခပ်ပြင်းပြင်းလေး ရှိုက်ရှူလိုက်၊ ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ ဒါမှမဟုတ်လည်း တရားထိုင်ပေးပါ။

အကောင်းဘက်ကိုများများတွေးပါ

အတွေးလွန်နေတဲ့သူတော်တော်များများက အကောင်းဘက်တွေးတာမျိုးထက် အဆိုးဘက်ကိုတွေးကြတာ ပိုများပါတယ်။ အဆိုးဘက်ကိုတွေးလေ၊ အတွေးတွေပိုများလေ၊ ကိုယ်ပဲပိုပြီး စိတ်ဆင်းရဲလေ ဖြစ်မှာပါ။ ဒါကြောင့် မကောင်းတဲ့အတွေးတွေ၊ ခံယူချက်တွေကို အကောင်းဘက်ကို ကြိုးစားပြီးပြောင်းကြည့်ပါ။ ပေါ်လာတဲ့ Negative အတွေးတွေ၊ မကောင်းတဲ့အရာတွေကို ပြန်တိုက်ထုတ်ပါ။ လက်ခံပြီး ဆက်တွေးမနေပါနဲ့။

စိတ်သက်သာရာရမယ့်အရာတွေလုပ်ပါ

အတွေးလွန်တတ်တဲ့သူတွေက တစ်ယောက်ထဲပိုပြီးနေချင်တယ်၊ အိပ်ယာထဲမှာပဲလှဲပြီး လျှောက်တွေးနေချင်နေတယ်။ ဒီလိုလုပ်နေရင် Depression ဘက်ကို ကူးသွားပါလိမ့်မယ်။ ဒါကြောင့် အပြင်သွားပါ။ လမ်းလျှောက်ထွက်ပါ။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အပြင်သွားမုန့်စားတာမျိုး လုပ်ပေးပါ။ ကိုယ့်စိတ် ပျော်ရွှင်စေမယ့်အရာတွေ၊ စိတ်သက်သာရမယ့်အရာတွေကိုသာ များများလုပ်ပါ။

ဘာမှမလုပ်ပဲမနေပါနဲ့

ဘာမှမလုပ်ပဲ ထိုင်နေ၊ အိပ်နေရင် တစ်ချိန်လုံး လျှောက်တွေးနေမိမှာပါ။ ဒါကြောင့် တွေးနေစရာအချိန်မရှိအောင် အလုပ်များများလုပ်ပါ။ အာရုံစိုက်ရတဲ့ အလုပ်မျိုးတွေကို များများလုပ်ပါ။ အရာအားလုံး ပြည့်စုံနေရတဲ့သူမျိုး၊ အချိန်တိုင်း စိတ်ညစ်နေရတဲ့သူမျိုးဆိုတာ မရှိပါဘူး။ ကိုယ်ကြုံတွေ့နေရတာတွေက အချိန်တန်ရင် အဆင်ပြေသွားမှာပါ။

ဒါကြောင့် နည်းနည်းလောက်ပျော်စရာ၊ စိတ်ချမ်းမြေ့စရာလေးနဲ့ ကြုံရင် များများသာပျော်လိုက်ပါ။ အဓိကက ကိုယ့်စိတ်နဲ့ပဲဆိုင်သလို၊ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ရင် အရာရာအဆင်ပြေသွားမှာပါ။