တောင်ကိုရီးယားကအစ ထိုင်းနိုင်ငံအဆုံး အာရှသူလေးတွေဟာ အခုချိန်မှာဆိုရင် သူတို့ရဲ့ အသားအရေကို ပိုလို့တောင်မှ ဂရုစိုက်သထက် ဂရုစိုက်လာကြပါတယ်နော်။ ဘယ်သူ့ဘယ်သူကို ပြချင်လှစေချင်တယ်လို့မဟုတ်ဘဲနဲ့ သူတို့ကိုယ်တိုင်ကိုက အသားအရေလေး စိုပြေနူးညံ့ပြီး လှနေတာကို သဘောကျလို့ ဂရုစိုက်နေကြတာဖြစ်ပါတယ်။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံစီမှာလည်း သူတို့ရဲ့ အသားအရေထိန်းသိမ်းနည်းလေးတွေ ကိုယ်စီကိုယ်စီရှိကြမှာပါပဲ။ အဓိကက လှချင်တယ်ဆိုရင် တခဏတာ ကောက်ရိုးမီးလို ဟုန်းဆိုထတောက်ပြီး အပျင်းတစ်သွားတာမျိုးမဟုတ်ဘဲ တစိုက်မတ်မတ်နဲ့ ကြိုးစားပြီးလုပ်ဆောင်နိုင်မှ အသက် ၅၀ အရွယ်ရောက်တဲ့အထိကို လှနေနိုင်မှာနော်။

ကဲ…အခုဆိုရင် အသားအရေနဲ့ပတ်သက်လို့ အာရှသူလေးတွေ လက်စွဲအသုံးပြုနေတဲ့ Skincare ထိန်းသိမ်းနည်းတွေက ဘာဖြစ်မလဲဆိုတာ အခုပဲ ကြည့်လိုက်ရအောင်ပါ။

၁။ ဆန်ဆေးရည်အသုံးပြုခြင်း

ဆန်ဆေးရည်က ဂျပန်နဲ့ ကိုရီးယားအလှကုန်ပစ္စည်းတွေ အများစုမှာဆိုရင် ထည့်သွင်းအသုံးပြုလေ့ရှိတာကို တွေ့ရမှာဖြစ်ပြီးတော့ သုတေသနပညာရှင်တွေရဲ့ ပြောချက်တွေအရ‌ ဆန်ဆေးရည်မှာ Anti-aging Properties တွေ ပါဝင်ပြီး အသားအရေကို ပေါ့ပါးစေပါတယ်။

ဆန်ဆေးရည်ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ဝယ်ပြီး သုံးကြည့်ပေးနိုင်သလို အိမ်မှာပဲ ကိုယ်တိုင် ဆန်ဆေးရည်သုံးကြည့်မယ်ဆိုလည်း ဖြစ်ပါတယ်။ မျက်နှာသစ်ဆေး အသုံးမပြုခင် ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးတာဖြစ်ဖြစ်၊ အသားအရေအစိုဓာတ်ကို ထိန်းသိမ်းဖို့အတွက် Mist အဖြစ်လည်း သုံးပေးနိုင်ပါတယ်။

၂။ Double Cleanse လုပ်ပေးခြင်း

အခုနောက်ပိုင်း ခေတ်စားလာတဲ့ Double cleansing လုပ်ရတာကို ကိုရီးယားမှာရော ဂျပန်မှာပါ တော်တော်လေး သဘောကျကြပါတယ်။ Double cleansing လုပ်ပေးခြင်းက အသားအရေထဲမှာ ကပ်ညိနေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေမှန်သမျှကို သေချာပြောင်စင်အောင် သန့်စင်နိုင်လို့ပါ။

ပထမအဆင့်အနေနဲ့ အဆီနဲ့ မျက်နှာပေါ်က မိတ်ကပ်တွေကို ဖယ်ရှားပြီးနောက် မျက်နှာသစ်ဆေးကို အသုံးပြုပြီး အကုန်ပြောင်သွားအောင် ဆေးကြောသန့်စင်ခြင်းပဲဖြစ်ပါတယ်။

၃။ ခရုအချွဲပါတဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုခြင်း

ခရုအချွဲကို အသုံးပြုတာဟာ ရှေးခေတ်ဂရိအချိန်ကတည်းက အသုံးပြုခြင်းတာဖြစ်ပြီး အခုချိန်ထိလည်း စွဲစွဲမြဲမြဲသုံးနေကြဆဲပါပဲ။ ခရုအချွဲမှာ အသားအရေအတွက် အထူးကောင်းမွန်တဲ့ hyaluronic နဲ့ glycolic acids တို့ ပေါင်းစပ်ပါဝင်တာကြောင့် အာရှက အလှကုန်ပစ္စည်းတွေမှာ တော်တော်လေး ထည့်သွင်းအသုံးပြုကြပါတယ်။ အသားအရေ စပ်ဖျင်းဖျင်းဖြစ်တာကို သက်သာစေတဲ့ ဇင့်ဓာတ်လည်း ပါဝင်လို့ အသားအရေကို စိုပြေဝင်းလက်နေစေမှာပါ။

၄။ ကိုရီးယားစတိုင်လ် Body Scrub

သူတို့ရဲ့ ထူးခြားချက်ကတော့ ပုံမှန်သုံးနေကြလို Gel တစ်ခုခုကို လက်နဲ့သုံးလိုက်တာမဟုတ်ဘဲ တော်တော်လေးကို ကပ်ညိနေတဲ့ ဆဲလ်သေတွေကို အရှင်းကွာထွက်သွားအောင်လို့ ဖယ်ရှားပေးနိုင်တဲ့ ခပ်ကြမ်းကြမ်း လက်အိတ်တွေကို အသုံးပြုခြင်းပါပဲ။ ဒီလက်အိတ်တွေကို အွန်လိုင်းကနေလည်း ရှာဝယ်နိုင်ပြီး ကိုယ်အနာခံနိုင် မခံနိုင်ပေါ်မူတည်ပြီးတော့ နာကျင်ဒဏ်လေးတော့ရှိနိုင်ပါတယ်။

ဒါပေမယ့်လည်း အနာခံမှ အသာစံနိုင်မှာမို့ ကိုယ့်အသားအရေလေး ပိုပြီးနူးညံ့ချောအိလာတာကို လိုချင်ရင်တော့ သည်းခံပြီး သုံးပေးရပါမယ်။

၅။ စပါးလင် Tea သောက်ခြင်း

စပါးလင်ကို အာရှဟင်းလျာတွေမှာ တော်တော်လေး အသုံးပြုကြပြီး အထူးသဖြင့် ထိုင်းအစားအစာတွေမှာဆို အကုန်လုံးနီးနီး ပါလေ့ရှိပါတယ်။ စပါးလင် Tea ဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေဖြေပေးနိုင်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ရာသီလာချိန် ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ သောက်သုံးသူတွေကို အသားအရေလေးလည်း ဝင်းလက်လာစေမှာဖြစ်ပါတယ်။

၆။ ဆံပင်နဲ့ အသားအရေကို ကြက်ဆူဆီလိမ်းပေးခြင်း

သန့်စင်ထားတဲ့ ကြက်ဆူဆီဟာ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာကို အစိုဓာတ်ဖြည့်တင်းပေးလို့ ဆံပင်ကို ပိုနူးညံ့စေပါတယ်။ ဦးရေပြားကို အဆီသုံးပြီး နှိပ်နယ်ပေးရင်လည်း ဗောက်ပြဿနာတွေ သက်သာစေမှာပါ။ မျက်တောင်ကို လိမ်းပေးရင်တော့ မျက်တောင်အရှည်မြန်စေဖို့ ကူညီပေးပါလိမ့်မယ်။

မျက်နှာကို လိမ်းပေးမယ်ဆိုပါက အရေးအကြောင်းတွေနဲ့ အသားအရေတွန့်ခြင်းတွေကို အစိုဓာတ်ဖြည့်တင်းပေးပြီး ကာကွယ်ပေးမှာမို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ရှောင်ကြဥ်နိုင်မှာပါ။

၇။ Jade Roller နဲ့ မျက်နှာကို နှိပ်နယ်ပေးခြင်း

Jade Roller ကို အသုံးပြုမယ်ဆိုရင် ကြွက်သားနာကျင်မှုတွေ၊ ဖောရောင်ခြင်းတို့ကို သက်သာစေမှာဖြစ်ပြီး သွေးလေလည်ပတ်မှုကို အထောက်အကူဖြစ်စေပါတယ်။

၈။ Mask ကပ်ခြင်း

ဒီအဆင့်ကတော့ skincare နဲ့ပတ်သက်ပြီး အကြံပေးတိုင်း အမြဲပါလေ့ရှိပါတယ်။ အသားအရေထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပြီးတော့ ရေရှည်စွဲသုံးမယ်ဆိုရင် အသားအရေကို ဝင်းလက်တောက်ပစေကာ အရေးအကြောင်းတွေ သက်သာစေမှာပါ။

Image Source: BrightSide