Social media က လူတွေရဲ့စိတ်ကို အများကြီးပြောင်းလဲပစ်နိုင်ပါတယ်။ အထူးသဖြင့် စိတ်ပျော့ပြီး ခံစားလွယ်တဲ့သူတွေအတွက်ပါ။ ဒါကြောင့် သင့်မှာ ဒီလိုအချက်တွေဖြစ်နေပြီဆိုရင် Social media သုံးစွဲခြင်းကို ခဏလောက်ရပ်လိုက်ဖို့ လိုအပ်နေပါပြီ။

Social media ပေါ်က တွေ့သမျှသူတိုင်းနဲ့ ကိုယ့်ကိုယ်ကို လိုက်နှိုင်းယှဉ်ပြီး စိတ်အလိုမကျနေတွေ ဖြစ်နေတယ်၊ တစ်ခုခုဆို ငါကျသူ့လိုမသုံးနိုင်ဘူး၊ ငါကျသူ့လောက်မလှဘူးဆိုပြီး အရာရာကို လိုက်နှိုင်းယှဉ်ပြီး စိတ်ဓာတ်တွေကျနေတယ်၊ Social media မှာ တွေ့သမျှတွေကိုလိုက်ဖတ်ပြီး Depression ဝင်နေမယ်ဆိုရင် ဒီ Social media သုံးတာကို ခဏနားလိုက်ဖို့ လိုပါပြီ။ ဒါတွေကြောင့်ပဲ ကြာလာရင် စိတ်အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။

Social media သုံးလိုက်တိုင်း မြင်သမျှ၊ တွေ့သမျှတွေကိုကြည့်ပြီး မျက်ရည်တွေကျလာတယ်၊ တွေးတွေးပြီး ဝမ်းနည်းလာတယ်၊ စိတ်တွေအရမ်းကိုညစ်ပြီး မွန်းကြပ်လာတယ်၊ အသက်ရှူတွေကြပ်လာတယ် စသဖြင့် ဒီလိုအခြေအနေတွေ ဖြစ်နေပြီဆိုရင် Social media သုံးတာကို ရပ်လိုက်သင့်ပါပြီ။ တစ်ပတ် ကနေ တစ်လအထိ ကိုယ်အဆင်ပြေသလောက် မသုံးပဲရပ်လိုက်သင့်ပါပြီ။ ကိုယ့်စိတ်ကျန်းမာရေးကို ထိခိုက်နေပြီဖြစ်လို့ ဆက်သုံးနေမယ်ဆို ပိုဆိုးရွားလာပါလိမ့်မယ်။ ညညဆိုလည်း အိပ်မပျော်နိုင်တာတွေကြောင့် ကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။

လူတွေကိုစိတ်ကုန်လာတယ်၊ လူတွေနဲ့မပတ်သက်ချင်တော့ဘူး၊ အရာရာကိုစိတ်ကုန်လာပြီဆိုတဲ့ အတွေးတွေ ခဏခဏဝင်နေပြီဆိုရင်လည်း Social media သုံးတာကို အနည်းဆုံးတစ်ပတ်လောက် ရပ်လိုက်ပါ။ Social media ကြောင့် ကိုယ်ခံစားနေရတာတွေက ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် Social media မသုံးပဲ ရုပ်ရှင်ကြည့်တာ၊ စာဖတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ချက်ပြုတ်တာ၊ ကိုယ်ဝါသနာပါရာ တစ်ခုခုလုပ်တာမျိုးကို အစားထိုးလုပ်ပြီး အချိန်ကုန်ဆုံးကြည့်ပါ။

မိုးလင်းထဲက ညသန်းခေါင်အထိ တစ်နေကုန် တောက်လျှောက်ဖုန်းသုံးပြီး ညအိပ်ယာဝင်တာလည်း နောက်ကျနေမယ်ဆိုရင် မျက်စိတွေကိုက်ပြီး ခေါင်းတွေကိုက်လာပါမယ်။ ခေါင်းအုံပြီးခေါင်းမကြည်၊ ဇာတ်ကြောတွေတက်၊ ခါးနာတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလိုတွေဖြစ်လာရင် ကျန်းမာရေးကို အနည်းနဲ့အများထိခိုက်လာတာမို့ ဖုန်းသုံးတာကို အရင်လျှော့ပါ။ အဓိက ဖုန်းသုံးကြတဲ့သူတွေက Social media ပေါ်မှာ အချိန်ကုန်တာများပါတယ်။ ဒါကြောင့် ဒီလိုတွေဖြစ်လာရင် Social media သုံးတာကိုသာ ရပ်လိုက်ပါ။ ဖုန်းသုံးချိန်က အလိုလိုလျော့သွားပါလိမ့်မယ်။