Relationship တစ်ခုအတွက် အခက်ခဲဆုံးအချိန်ကိုပြောပါဆိုရင် လမ်းခွဲဖို့ဆုံးဖြတ်ရတဲ့အချိန်ပဲ့ဖြစ်ပါတယ်။ လမ်းခွဲလိုက်ရင် မှားများမှားသွားမလားဆိုတဲ့ ဝေခွဲမရတဲ့သံသယစိတ်တွေနဲ့ အဲ့ဒီအချိန်က အရမ်းကို စိတ်ရောကိုယ်ပါ အပင်ပန်းဆုံးဖြစ်ရတဲ့ အချိန်တွေပဲ့ဖြစ်ပါတယ်နော်။ ဘယ်လိုပဲညှိနှိုင်းညှိနှိုင်း နောက်ဆုံးမှာ နှစ်ယောက်လုံး ပိုပိုပြီးပင်ပန်းရတယ်ဆိုတဲ့ရလဒ်ပဲ ထွက်လာနေရင်တော့ လမ်းခွဲဖို့ ပြတ်သားစွာဆုံးဖြတ်လိုက်တာက အကောင်းဆုံးပါပဲ့။

ဒါကြောင့် နှစ်ယောက်စလုံး နာကျင်ခံစားနေရမယ့်အစား ဘယ်လိုမျိုးအခြေအနေတွေမှာ လမ်းခွဲဖို့ ဆုံးဖြတ်သင့်သလဲဆိုတဲ့ အကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်။

အတူရှိနေပေမယ့် ဝေးကွာနေသလို ခံစားရတဲ့အခါ

ချစ်သူနှစ်ဦးအတူတူရှိနေပေမယ့် ဝေးနေသလိုခံစားရတဲ့ ခံစားချက်က တော်တော်လေးကို ဆိုးရွားပါတယ်နော်။ လမ်းခွဲလိုက်တာနဲ့ ထူးမခြားနားတဲ့ ခံစားချက်တစ်ခုပါပဲ။ ချစ်သူတိုင်းလိုလို တစ်ယောက်အပေါ်တစ်ယောက်နွေးထွေးတဲ့ ခံစားမှုမျိုးပဲ လိုချင်ကြတာဖြစ်ပါတယ်။

အေးစက်ပြီး အထီးကျန်လွန်းတဲ့ အချစ်ရေးတစ်ခုမှာ ဘယ်သူမှအချိန်အကြာကြီး ပျော်ရွှင်စွာနေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူနဲ့ကိုယ်နဲ့ကြားမှာ ကြားခံနယ်တစ်ခုက ခြားနားထားသလိုမျိုး ဝေးကွာနေတဲ့ ခံစားမှုမျိုးခံစားလာရရင်တော့ လမ်းခွဲဖို့ ဆုံးဖြတ်သင့်ပါပြီ။

ယုံကြည်မှုတွေ ပျောက်ဆုံးလာတဲ့အခါ

အချစ်ရေးမှာ အရေးကြီးဆုံးက ယုံကြည်မှုပါပဲ။ ယုံကြည်မှုမရှိတဲ့သူတစ်ယောက်နဲ့ အချိန်ဘယ်လောက်ကြာကြာ လက်တွဲနိုင်မလဲ စဉ်းစားကြည့်ပါ။ ဘယ်သူကမှ အချိန်တိုင်းလိုလို သံသယစိတ်တွေနဲ့ နေရတဲ့ဘဝကို ကျေနပ်နေမိမှာ မဟုတ်ပါဘူး။

ယုံကြည်မှုပျက်ပြားပြီး သံသယစိတ်တွေ ကြီးစိုးလာပြီဆိုရင်တော့ နေ့ရက်တိုင်း ၊ အချိန်တိုင်းက စိတ်ပင်ပန်းစရာတွေပဲ ကြုံလာရဖို့ အခွင့်အရေးများလာပြီဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှု မတည်ဆောက်နိုင်ရင် လမ်းခွဲလိုက်တာက အကောင်းဆုံးပါပဲ။

စိတ်ညစ်နေရတဲ့အချိန်တွေ များလာတဲ့အခါ

ကိုယ့်ရဲ့အချစ်ခရီးလမ်းက တကယ်ပဲ ပျော်စရာတွေပျောက်ဆုံးနေပြီလားဆိုတာကို ပြန်ဆန်းစစ်ကြည့်ပါ။ မပျော်ရဘူးဆိုရင်တောင် အချိန်တိုင်းစိတ်ညစ်နေတာမျိုး မဖြစ်ပါစေနဲ့။ အရာအားလုံးဟာ စိတ်နဲ့ ဆက်စပ်နေတဲ့အတွက် အချစ်ရေးမှာ အချိန်တိုင်းစိတ်ညစ်နေရတဲ့အခါ တခြားသော လူမှုရေး ၊ ပညာရေး ကဏ္ဍတွေမှာပါ အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

သူများတွေ ပျော်လို့လည်း ကိုယ်မပျော်နိုင် ၊ သူများတွေ ရယ်လို့လည်း ကိုယ်မရယ်နိုင်ဘဲ အချိန်တိုင်း ဘူနေပြီဆိုရင်တော့ နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးပြီး ဆုံးဖြတ်ခိုင်းလိုက်ပါ။

အရာရာဆန့်ကျင်ဘက်တွေ ဖြစ်လာတဲ့အခါ

အချစ်ရေးမှာ အောင်မြင်ပျော်ရွှင်ကြတဲ့ သူတော်တော်များများ ခံယူချက်တွေ၊ ရည်မှန်းချက်တွေ ၊ ဝါသနာတွေက ထပ်တူကျမနေရင်တော့ လုံးဝဆန့်ကျင်ဘက်ဖြစ်မနေကြပါဘူး။ အချိန်ကြာလာလေ တစ်ယောက်နဲ့တစ်ယောက် ရင်ဘတ်ချင်း ပိုနီးလာလေဖြစ်ရမယ့်အစား အသေးအမွှားကိစ္စလေးတွေကအစ နားလည်မှုတွေလွဲမယ် ၊ ခံယူချက်တွေမတူဘူး ၊သင်္ချာအက္ခရာ “၃” နဲ့ “၄” လို အမြဲကျောခိုင်းပြီး ဆန်ကျင့်ဖက်တွေဖြစ်နေမယ်ဆိုရင် အငြင်းအခုံတွေ ပြုလုပ်မနေပဲ အေးချမ်းစွာနဲ့ပဲ လမ်းခွဲလိုက်ပါ။

တစ်ယောက်တည်းနေရတာ ပိုခုံမင်လာတဲ့အခါ

ချစ်သူနှစ်ယောက် တွေ့လိုက်တိုင်းမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ စိတ်ညစ်စရာတွေ ဖန်တီးနေမိပြီဆိုရင်တော့ သေချာပါတယ် နောက်ထပ်တွေ့ဆုံဖို့ ကြောက်နေမိမှာ အမှန်ပါပဲ့။ တခြားစုံတွဲတွေအဖို့ ဖုန်းမပြောရင်မနေနိုင် ၊ (၂) ရက်တစ်ခါ မတွေ့ရရင် မနေနိုင်ဖြစ်နေချိန်မှာ ကိုယ်ကတော့ တွေ့ရမှာတောင် ကြောက်နေပြီး တဖြည်းဖြည်းနဲ့ တစ်ယောက်တည်းနေရတာကို ပိုပြီးခုံမင်နှစ်သက်လာပြီဆိုရင်တော့ ရှေ့ဆက်မတိုးမိဖို့ စဉ်းစားဆုံးဖြတ်သင့်ပြီပဲ ဖြစ်ပါတယ်။