RS တွေ အချိန်ကြာကြာတည်မြဲဖို့ မလွယ်တဲ့ခေတ်မှာ FA ဖြစ်နေတာလည်း တကယ်တော့ စိတ်ချမ်းသာစရာကောင်းပါတယ်။ ဒါပေမယ့် FA ဖြစ်လို့ စိတ်ညစ်နေတယ်၊ ကိုယ် FA ဖြစ်နေတာ ဘာကြောင့်လဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေနဲ့ တိုက်စစ်ကြည့်နိုင်ပါတယ်နော်…

အချစ်ရေးဟာ သင့်အတွက်အရမ်းပင်ပန်းစေလို့

အချစ်ရေးက ကိုယ့်အတွက် မပျော်ရွှင်စေဘူး၊ စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေပဲ ဖြစ်စေတယ်လို့ တချို့ကတွေးကြတယ်။ တချို့ကျတော့လည်း အချစ်ရေးကံမကောင်းခဲ့တော့ ချစ်ရမှာကို စိတ်ကုန်လာတယ်။ အချစ်ရေးက ကိုယ့်အတွက် အရမ်းပင်ပန်းစေတဲ့အရာတစ်ခုလို့ တွေးထားတာကြောင့် FA ပဲလုပ်နေကြတယ်။

အလုပ်အရမ်းများလို့

အလုပ်အရမ်းရှုပ်တဲ့သူတွေ၊ အမြဲတမ်းအလုပ်များနေတဲ့သူတွေဟာ ရည်းစားထားဖို့ တကယ်ကိုအချိန်မရှိကြပါဘူး။ အလုပ်အတွက်ပဲအချိန်ပေးနေရလို့ သူတို့မှာ အချစ်ရေးဘက်ကို အချိန်မပေးနိုင်ကြတာပါ။ ဒါကြောင့်လည်း FA ဖြစ်နေရတာပေါ့။

အသည်းကွဲခဲ့ရလို့

တချို့ကျတော့ ရည်းစားထားခဲ့ပေမယ့် ဝမ်းနည်းစရာကောင်းအောင် အသည်းကွဲခဲ့ကြလို့ ရည်းစားထပ်ထားရမှာကို ကြောက်သွားကြတာ။ နောက်တစ်ခါထပ်ပြီးမခံစားချင်တော့လို့ ရည်းစားမထားပဲ တစ်ယောက်ထဲနေပြီး FA လုပ်နေကြတာမျိုးပေါ့။

ရည်းစားဟောင်းကို မမေ့နိုင်လို့

တချို့ FA တွေကျတော့လည်း ရည်းစားဟောင်းအပေါ်မှာ ခံစားချက်တွေကျန်နေပြီး ချစ်နေသေးလို့၊ ရည်းစားဟောင်းကို မမေ့နိုင်သေးလို့ နောက်တစ်ယောက်ကို ထပ်မချစ်နိုင်တော့တာ။ ဒါကြောင့်လည်း ရည်းစားဟောင်းကို ရင်ထဲထည့်ပြီး FA ဘဝနဲ့ အရိုးထုတ်နေကြတာပေါ့။

သူများလှည့်စားတာခံခဲ့ရလို့၊ အယုံအကြည်မရှိတော့လို့

နောက်ဆုံး FA လေးတွေကတော့ သူများဆီက လှည့်စားခြင်းကို ခံခဲ့ရတာကြောင့်ပါ။ ကိုယ်ကြိုက်ခဲ့တဲ့သူ၊ ကိုယ့်ရည်းစား စတာတွေက သူတို့ကို လှည်းစားခဲ့ကြတော့ နောက်လာမယ့်သူတွေ၊ နောက်ထပ်ပတ်သက်ရမယ့်သူတွေကလည်း ဒီလိုပဲ လှည့်စားကြမယ်လို့ထင်ပြီး ဘယ်သူ့ကိုမှ အယုံအကြည်မရှိတော့တာ။ ဒါကြောင့်လည်း ဘယ်သူ့ကိုမှ ထပ်မချစ်ချင်တော့ပဲ FA လုပ်နေကြတာမျိုး။

ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ရှိလို့

ကိုယ်ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်းရှိနေတဲ့သူတွေ၊ ဒီအသက်မွေးဝမ်းကျောင်းနဲ့ အောင်မြင်နေတဲ့သူတချို့ကျတော့ ကိုယ့်ကိုယ်ကိုပဲ ချစ်တယ်။ သူများကို အထင်မကြီးဘူး ကိုယ့်ကိုယ်ကိုပဲ အားကိုးပြီး တစ်ယောက်ထဲနေရတာကို နှစ်သက်ကြတယ်။ ဒါကြောင့် အပူပင်မရှာ၊ ရည်းစားမထားတော့ပဲ FA လုပ်ပြီး ချေတာပေါ့။

အရွေးလွန်နေလို့

FA ထဲမှာမှ တော်တော်ဆိုးဆိုးလေးတွေကတော့ အရွေးလွန်လို့ကို FA ဖြစ်နေကြတာပါ။ ကိုယ့်ကိုကြိုက်တဲ့သူမရှိတာလည်း မဟုတ်ဘူး။ ဘေးနားမှာ ဝိုင်းဝိုင်းလည်နေတာတောင် ဂျီးများပြီး အရွေးလွန်နေလို့ကို FA ဖြစ်နေကြတာပါနော်။