အမြဲပျော်နေရတယ်ဆိုတာကို မရှိဘူး ဆိုတာမျိုးက ကိုယ့်စိတ်နဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာမျိုးတွေ မဖြစ်ပါစေနဲ့။ သင့်ကို အပြည့်အဝမပျော်ရွှင်နိုင်အောင် ဖျက်ဆီးနေတဲ့ ဒီအတွေးတွေရှိနေရင် အမြန်ဆုံးဖျောက်ပစ်လိုက်ပါ။

အရမ်းတွေးတောနေခြင်း

ကိစ္စတစ်ခုဖြစ်လာပြီဆိုရင် ဒါကိုပဲခေါင်းထဲထည့်ထားပြီး တစ်ချိန်လုံးတွေးနေရင် အပြည့်အဝပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ မဖြစ်သေးတာတွေ၊ လုပ်တောင်မလုပ်ရသေးတာတွေကိုလည်း ကြိုမတွေးပါနဲ့။ ကြိုတွေးနေရင် စိုးရိမ်ပြီး ကြိုစိတ်ညစ်ရပါတယ်။ ဒီတော့ အရမ်းမတွေးပါနဲ့။ အတွေးမလွန်ပါနဲ့။ ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေရင် အပြည့်အဝ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။

Serious ဖြစ်လွန်းခြင်း

ကိစ္စတိုင်းကို serious ဖြစ်ပြီး အရမ်းခံစားနေရင် ကိုယ်ပဲစိတ်ညစ်ရတယ်၊ ဝမ်းနည်းရပါတယ်။ အရေးမကြီးတဲ့ ကိစ္စသေးသေးလေးတွေကအစ လိုက်ခံစားနေမယ်ဆိုရင် အကျင့်ပါသွားပါလိမ့်မယ်။ စိတ်ထဲဘာမှမထားပဲ ပေါ့ပေါ့ပါးပါးလေး နေကြည့်လိုက်ပါ။ စိတ်ချမ်းသာပြီး ပျော်ရွှင်ရပါလိမ့်မယ်။

လိုချင်တာတွေများနေခြင်း

ကိုယ်မရနိုင်တာ၊ မဖြစ်နိုင်တာကြီးကို တအားမျှော်လင့်ပြီး လိုချင်နေရင် ကိုယ့်စိတ်ပဲ ပိုပင်ပန်းရတယ်၊ မရတဲ့အခါမှာ ပိုပြီးဝမ်းနည်းရတယ်၊ အားငယ်ရတယ်၊ နာကျင်ရတယ်။ ကြာလာတော့ ငါလိုချင်တာတွေ မရဘူးဆိုပြီး စိတ်ကမပျော်နိုင်တော့ပါဘူး။ ဒါကြောင့် ကိုယ့်မှာရှိသလောက်လေးနဲ့ ရောင့်ရဲပြီး ပျော်အောင်၊ စိတ်ချမ်းသာအောင်နေပါ။

သူများနဲ့လိုက်နှိုင်းယှဉ်ခြင်း

ကိစ္စတိုင်းကို သူများနဲ့ လိုက်ပြီး နှိုင်းယှဉ်နေရင် ကိုယ်ပဲစိတ်ညစ်ရမှာ၊ အားငယ်ရမှာပါ။ ကိုယ့်ထက်သာနေတဲ့သူတွေကိုကြည့်ပြီး သူကျတော့လှတယ်၊ ငါကျမလှဘူး၊ သူတို့ကျ ဝယ်နိုင်၊ ဝတ်နိုင်ပြီး ငါကျမဝယ်နိုင်ဘူးလို့ လိုက်နှိုင်းယှဉ်နေရင် အလိုလိုနေရင်း စိတ်ဓာတ်ကျလာပါလိမ့်မယ်။ ဒီလိုနှိုင်းယှဉ်ရင်းနဲ့ ကိုယ့်ကိုယ်ကို ပိုပြီးသိမ်ငယ်လာမယ်၊ အားမလိုအားမရတွေ ဖြစ်လာမယ်၊ မပျော်တော့ဘူး၊ စိတ်တွေညစ်လာပါလိမ့်မယ်။ ဒါကတော့ အခုခေတ် လူငယ်တော်တော်များများမှာ ဖြစ်လေ့ရှိတဲ့အချက်ပါပဲ။ ဒါတွေကြောင့် အပြည့်အဝမပျော်ရွှင်နိုင် ဖြစ်နေရတာလည်း ပါပါတယ်။