Relationship တစ်ခုမှာ သည်းခံသင့်တဲ့အရာတွေလည်း ရှိသလို လုံးဝသည်းမခံသင့်တဲ့အရာတွေလည်း ရှိပါတယ်။ တော်ရုံတန်ရုံကိစ္စတွေကို သည်းခံလိုက်ရင်တော့ နှစ်ယောက်ကြားမှာ ပြဿနာတွေနည်းပြီး ပိုအဆင်ပြေမှာ ဖြစ်ပေမယ့်လည်း လုံးဝသည်းမခံသင့်တဲ့အရာတွေကို သည်းခံနေရင်တော့ ပိုဆိုးလာပြီး ကိုယ်ပဲစိတ်ညစ်ရမှာပါ။ ဒီလို Relationship တစ်ခုမှာ သည်းခံနေရင် ပိုပြီးအခြေအနေဆိုးလာနိုင်တဲ့ ပြဿနာတွေကလည်း ရှိပါသေးတယ်။

သစ္စာမရှိခြင်း

ကိုယ်နဲ့တွဲနေရင်း တခြားတစ်ယောက်နဲ့ Flirt နေတာတွေ၊ ဖောက်ပြန်မိသွားတာတွေကို ချစ်တဲ့စိတ်တစ်ခုထဲနဲ့ သည်းခံပေးလိုက်ရင်၊ ခွင့်လွှတ်ပေးလိုက်ရင် ငါလုပ်ချင်တာလုပ်ပြီးလည်း ချော့လိုက်ရင်ရတာပဲ၊ သူမှမပြတ်နိုင်တာဆိုတဲ့ အတွေးတွေက သူတို့ခေါင်းထဲဝင်သွားပြီး လုပ်ချင်တာလုပ်နေတော့မှာပါ။ တစ်ခါဖောက်ပြန်ဖူးရင် နောက်ထပ်မလုပ်ဘူးလို့ ပြောလို့မရပါဘူး။ ဒါကြောင့် ဒီလိုသစ္စာမရှိမှုကိုတော့ သည်းခံမနေပဲ ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်ပါတယ်။

ခဏခဏလိမ်ညာနေခြင်း

လိမ်တာညာတာက ပြန်သိသွားရင်လည်း ခဏပဲ စိတ်ဆိုးစိတ်ကောက်ပြီး ပြီးရင် ပြန်အဆင်ပြေကြတာပါပဲ။ ဒါပေမယ့်လည်း တစ်ခါတစ်လေမဟုတ်ပဲ အမြဲတမ်း ခဏခဏကို လိမ်ညာနေတာမျိုးကျတော့ သည်းမခံသင့်ပါဘူး။ ကြာလာရင် ပိုဆိုးလာပြီး ကိုယ်ကချည်း အလိမ်ခံနေရမှာပါ။ ကိုယ်ပဲစိတ်တိုပြီး စိတ်ညစ်ရမှာပါ။

ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း

ကိုယ်ထိလက်ရောက် ကျူးလွန်တတ်တဲ့အကျင့်ရှိတာကို အစထဲကသာ သိတယ်ဆိုရင် မရွေးချယ်ပဲတောင် နေခဲ့ရမှာပါ။ ရည်းစားဖြစ်ပြီးမှသိတာဆိုရင်လည်း သေချာစဉ်းစားဆုံးဖြတ်သင့်ပါတယ်။ ကိုယ်ထိလက်ရောက်ကျူးလွန်တတ်တဲ့သူက သူတို့ရဲ့အကျင့်ကိုပြင်ဖို့ ခက်ခဲ၁ပါတယ်။ ချစ်လို့ဆိုပြီး သည်းခံနေရင်တော့ ကိုယ်ချည်းခံနေရမှာပါ။

Respect မရှိခြင်း

ချစ်သူရည်းစားတင်မဟုတ်ပါဘူး ဘယ်လို Relationship မျိုးမှာမဆို တစ်ယောက်နဲ့တစ်ယောက် Respect ဆိုတာ ရှိသင့်ပါတယ်။ Respect မရှိရင် ကြာရင်ညိုငြင်လာတာတွေ၊ စိတ်ခုစရာဖြစ်လာတာတွေ၊ စိတ်တိုရတာတွေ၊ သေးသေးလေးတွေကနေ များလာတော့ သည်းမခံနိုင်တော့ပဲ ပြဿနာအကြီးကြီးတွေဖြစ်ပြီး လမ်းခွဲရတာမျိုးတွေ ရှိလာစေပါတယ်။ Respect မရှိတာကို သည်းခံနေရင် ပိုဆိုးလာမှာပါ။

အရှက်ရအောင်လုပ်ခြင်း

ချစ်လို့၊ သဝန်တိုလို့၊ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်လို့ဆိုတဲ့ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ ကိုယ့်ချစ်သူကို အရှက်ရအောင်လုပ်တာတွေ၊ လူကြားထဲမှာလည်း အရှက်ရအောင် အော်ဟစ်ဆဲဆိုတာတွေ လုပ်တာမျိုးကို လုံးဝသည်းမခံသင့်ပါဘူး။ သည်းခံနေရင် လုံးဝမဆင်ခြင်တော့ပဲ ဆက်လုပ်နေပြီး ကိုယ်ပဲအမြဲအရှက်ကွဲနေရမှာပါ။