ကိုယ့်ရဲ့အကြောင်းကိစ္စတွေကို ရင်ဖွင့်တာတောင်မှ ယုံကြည်ရတဲ့သူတွေကိုပဲ ရင်ဖွင့်သင့်ပါတယ်။ ကိုယ်ယုံကြည်ပြီးပြောပြလိုက်တာက သူတို့အတွက် အတင်းပြောစရာတစ်ခု ဖြစ်သွားတတ်သလို၊ ကိုယ်ပေါင်ကိုယ်လှန်ထောင်းတဲ့ ကိစ္စတွေလည်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဒီ personal ကိစ္စတွေကို လူတိုင်းကိုလိုက်ပြောပြနေစရာ မလိုသလို၊ ပြောလည်းမပြောသင့်ပါဘူး။

အိမ်တွင်းရေးအကြောင်း

ကိုယ့်အိမ်တွင်းရေးအကြောင်းတွေကို တခြားသူကိုပေးမသိတာ အကောင်းဆုံးပါ။ ကိုယ့်အိမ်ရဲ့ပြဿနာတွေ၊ မိသားစုကိစ္စတွေကို ဘယ်လောက်ပဲရင်းနှီးနေပါစေ ပေးမသိတာအကောင်းဆုံးပါပဲ။ လူတွေရဲ့ပါးစပ်က ကြောက်ဖို့အကောင်းဆုံးပါ။ ကိုယ့်အကြောင်းကိုကိုယ်ပြောမှ သူများကသိရတာဖြစ်လို့ မပြောသင့်တာကို မပြောပါနဲ့။

ကိုယ့်ရဲ့အားနည်းချက်

ကိုယ့်ရဲ့အားနည်းချက်တွေကို လိုက်မပြောပြပါနဲ့။ ကိုယ့်အားနည်းချက်ကို သိသွားတဲ့အခါမှာ သူငယ်ချင်းပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲဖြစ်ဖြစ် အခွင့်ကောင်းယူတတ်ပါတယ်။ မကျေနပ်တဲ့အခါ ကိုယ့်အားနည်းချက်ကို ထိုးနှက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အားနည်းချက်ကို ကိုယ်ကလွဲပြီး သူများကိုပေးမသိပါနဲ့။

အလုပ်အကြောင်း

ကိုယ့်အလုပ်မှာဖြစ်ပျက်သမျှတွေ၊ အလုပ်မှာအဆင်မပြေတာတွေ၊ ကိုယ့်အလုပ်ရဲ့ မကောင်းကြောင်းတွေ၊ ကိုယ့်အလုပ်အကိုင် အကြံအစည်တွေကို လူတိုင်းကိုမပြောသင့်ပါဘူး။ ကိုယ့်မိသားစုနဲ့ ကိုယ့်ချစ်သူ၊ အချစ်ဆုံးသူငယ်ချင်းကို ပြောပြတာကိစ္စမရှိပေမယ့် တခြားသူတွေကိုတော့ မပြောသင့်ပါဘူး။

ငွေရေးကြေးရေး

ကိုယ့်မှာငွေဘယ်လောက်ရှိကြောင်း၊ ကိုယ်ဘယ်လောက်ရှာနိုင်ကြောင်း၊ ကိုယ့်တစ်လဝင်ငွေက ဘယ်လောက်ရှိကြောင်း၊ လစာဘယ်လောက်ရကြောင်း စတာတွေကို သူများကိုပေးမသိပါနဲ့။ မေးရင်တောင် အကုန်မပြောသင့်တဲ့အရာတွေပါ။

Relationship အကြောင်း

ကိုယ့် relationship အကြောင်းတွေကို လူတိုင်းကို ပေးမသိပါနဲ့။ တချို့ဆို facebook မှာ ဖြစ်ကြောင်းကုန်စင် တင်ကြတာရှိပါတယ်။ ဒီလိုတင်လို့ သူများအတင်းပြောစရာ ရသွားတာပဲရှိပါတယ်။ ကိုယ့်အတွက်လည်း မကောင်းပါဘူး။ ကိုယ့်ရည်းစားမကောင်းကြောင်းတွေ၊ ကိုယ့် relationship အကြောင်းတွေကို သူငယ်ချင်းတွေကိုတောင် အတွင်းကျကျ အကုန်မပြောသင့်ပါဘူး။