တစ်ခါတစ်လေကျရင် ဝက်ခြံခဏခဏထွက်တယ်ဆိုတာက ကိုယ့်ပြုလုပ်နေမိတဲ့ အရာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ မသိပဲဆက်လုပ်နေရင်းနဲ့ ဝက်ခြံတွေက ပိုများလာတာမျိုး မဖြစ်ရအောင် ဆင်ခြင်နိုင်ဖို့အတွက် သင်သတိမထားမိတဲ့ ဝက်ခြံတွေ ခဏခဏထွက်လာနိုင်စေတဲ့ အမှားတွေကို ပြောပြပေးလိုက်ပါတယ်။

Makeup Wipes သုံးခြင်း

တချို့အသားအရေက Makeup Wipe တွေနဲ့ အဆင်မပြေပါဘူး။ Makeup Wipe တော်တော်များများမှာက Alcohol နဲ့ Fragrances တွေပါဝင်တဲ့အတွက် အသားခြောက်စေပါတယ်။ မတည့်တဲ့ Sensitive skin တွေဆိုရင် အသားနီတာ၊ ယားတာတွေဖြစ်ပြီး ဝက်ခြံထွက်စေပါတယ်။

မျက်မှန်ကိုမသန့်စင်ပေးခြင်း

မျက်မှန်တပ်တဲ့သူဆိုရင် ကိုယ့်မျက်မှန်ကို အမြဲသန့်စင်ပေးဖို့ လိုပါတယ်။ မှန်၊ ကိုင်းစတာတွေကို အရက်ပြန်နဲ့ သေချာသန့်စင်ပေးပါ။ ပုံမှန်မသန့်စင်ပေးပဲ ပြီးစလွယ်ပစ်ထားပြီး တပ်မယ်ဆိုရင်တော့ နှာခေါင်းနဲ့ မျက်လုံးအောက်နားမှာ ဝက်ခြံတွေပေါက်လာနိုင်ပါတယ်။

မျက်နှာခဏခဏသစ်ခြင်း

မျက်နှာသစ်တာက တစ်နေ့ကို ၂ ကြိမ်ပဲသစ်ပေးရင် ရပါပြီ။ အဲ့ထက်ပိုပြီး သစ်နေမယ်ဆိုရင်တော့ အသားခြောက်ပြီး ဝက်ခြံထွက်တာမျိုးတွေ ဖြစ်စေပါတယ်။

လက်နဲ့ခဏခဏကိုင်ခြင်း

မျက်နှာကို လက်နဲ့ခဏခဏကိုင်တာ၊ ကုတ်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ လက်က အမြဲတမ်း ဟိုကိုင်ဒီကိုင်ဖြစ်နေတာဆိုတော့ အညစ်အကြေးတွေက ကပ်နေတာပါ။ အဲ့လက်နဲ့ မျက်နှာကို ခဏခဏကိုင်လိုက်၊ ကုတ်ဖဲ့လိုက်နဲ့ လုပ်နေရင် ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။

Workout လုပ်ပြီး ရေမချိုးခြင်း

Workout လုပ်ပြီးရင် ရေချိုးပေးရပါတယ်။ ရေမချိုးပဲ အဝတ်အစားပဲလဲလိုက်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ ချွေးနဲ့ အညစ်အကြေးနဲ့ ရောပြီး ဝက်ခြံပေါက်တာ၊ အဆီဖုထွက်တာတွေ ဖြစ်စေပါတယ်။ မျက်နှာတင်မဟုတ်ပဲ ကျောမှာပါ ဝက်ခြံပေါက်တတ်ပါတယ်။