တော်တော်များများက ဝိတ်ကျချင်တယ်ဆိုပြီး မဆင်ခြင်မိတာတွေ၊ ဂရုမစိုက်ပဲလုပ်မိနေတာတွေကြောင့် ဝိတ်ပိုတက်လာစေပါတယ်။ ဒါကြောင့် နောက်ပိုင်း သေချာဆင်ခြင်နိုင်ဖို့အတွက် ဝိတ်တက်လာအောင် သင်ကိုယ်တိုင်အများဆုံးလုပ်မိနေတဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။

လှုပ်ရှားမှုနည်းပြီးအထိုင်များခြင်း

ကိုယ့်ရဲ့တစ်နေ့တာက လှုပ်ရှားမှုနည်းပြီး အထိုင်များနေတာမျိုးဆို ဗိုက်ခေါက်တွေထွက်ပြီး အဆီများလာပါလိမ့်မယ်။ စားပြီးသောက်ပြီးလည်း တန်းထိုင်တာမျိုး၊ တစ်ချိန်လုံးထိုင်လိုက်၊ လှဲလိုက်နဲ့ အချိန်ကုန်နေတာမျိုးတွေက အဆီတွေများပြီး ဝလာစေပါတယ်။

ညဘက်မှာအစားများများစားခြင်း

ညနေ ၆ နာရီနောက်ပိုင်း၊ ညမိုးချုပ်မှ အစားများများစားတာတွေကလည်း ဝိတ်တက်စေပါတယ်။ သိသိသာသာ ဝိတ်တက်ပြီး အဆီတွေများလာစေပါတယ်။ ဒီလိုအချိန်တွေမှာ ဗိုက်ဆာရင် သစ်သီးတွေစားတာက အကောင်းဆုံးပါပဲ။

ကယ်လိုရီများတဲ့အချိုရည်တွေသောက်ခြင်း

ကယ်လိုရီများတဲ့ အချိုရည်တွေကို ခဏခဏသောက်ရင်လည်း ဝိတ်တက်ပြီး ဝလာပါလိမ့်မယ်။ အချိုရည်ကြိုက်ရင် အသီးဖျော်ရည်၊ အရွက်ဖျော်ရည်လေးတွေ ဖျော်သောက်တာ ပိုကောင်းပါတယ်။

Snacks တွေပဲစားခြင်း

Snacks တွေအရမ်းစားတာ၊ ဆီကြော်မုန့်တွေ၊ အဆီအစိမ့်မုန့်တွေ အရမ်းစားတာကလည်း သိသိသာသာ ဝိတ်တက်ပြီး ဝလာစေတယ်၊ အဆီတွေများလာစေပါတယ်။

စားချိန်မမှန်ခြင်း

အစားစားချိန်မမှန်ရင်လည်း ဝိတ်တက်စေပါတယ်။ တချို့ဆိုရင် ထမင်းစားချိန် ထမင်းမစားပဲ မနက်စာနဲ့ညစာကိုပေါင်းပြီး တခြားအပြင်စာတွေ၊ အဆီတက်စေတာတွေကို စားချလိုက်တာပါ။ တချို့ကျတော့လည်း တစ်နေကုန်မစားပဲ ညနေမှ၊ ညမှအားလို့ဆိုပြီး စားတာမျိုးတွေ ရှိပါတယ်။ ဒါမျိုးတွေကလည်း သင့်ကိုဝိတ်တက်စေပါတယ်။ ဒါကြောင့် အစားအသောက်ကို အချိန်နဲ့စားတာ အကောင်းဆုံးပါပဲ။

အိပ်ချိန်မမှန်ခြင်း

လူတစ်ယောက်က အိပ်ချိန်မမှန်ရင် အရမ်းပိန်သွားတာမျိုးရှိသလို၊ ဝလာတာမျိုးလည်း ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကတော့ မတူပါဘူး။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ပါ။ တစ်နေ့ကို ၈ နာရီအိပ်ပါ။ အရမ်းနောက်ကျမှအိပ်တာမျိုး မလုပ်ပါနဲ့။