ခေါင်းလျှော်တဲ့အခါမှာ အများဆုံးလုပ်လေ့ရှိတဲ့ အမှားတွေနဲ့ ပြင်သင့်တဲ့အရာတွေကို မျှဝေပေးလိုက်ပါတယ်။ ဆံသားမပျက်ဆီးစေဖို့အတွက် ခေါင်းလျှော်တာကအစ ဂရုစိုက်ပေးဖို့ လိုပါတယ်။

ခေါင်းလျှော်ရည်ကိုအများကြီးသုံးခြင်း

ခေါင်းလျှော်တဲ့အခါမှာ ခေါင်းလျှော်ရည်ကို နည်းနည်းပဲထည့်ပြီး ရေစွတ်လုပ်ရင် အမြှုပ်ထွက်ပါတယ်။ အများကြီးထည့်သုံးပြီး ရေကိုလုံလောက်အောင် မဆေးရင် ဦးရေပြားဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ခေါင်းလျှော်ရည် အများကြီးသုံးပြီး လျှော်တာကို ပြင်သင့်ပါတယ်။

ဆံပင်အဖျားကိုခေါင်းလျှော်ရည်သုံးခြင်း

ဆံပင်အဖျားကို ခေါင်းလျှော်ရည် သပ်သပ်ထပ်သုံးတာမျိုးက တော်တော်များများ လုပ်နေကြတဲ့အမှားပါပဲ။ ဆီလိမ်းသလို အဖျားကို ခေါင်းလျှော်ရည်ထပ်သုတ်ပြီး လိမ်းမယ်ဆိုရင် ဆံပင်အဖျားတွေ ပျက်စီးပါတယ်။ နှစ်ခွဖြစ်တာ၊ ဖွာပြီးကြမ်းတာတွေ ဖြစ်တတ်ပါတယ်။

လက်သည်းနဲ့ကုတ်ခြင်း

ခေါင်းလျှော်တဲ့အခါမှာ ခေါင်းကိုကုတ်ရင် လက်သည်းနဲ့ကုတ်တာမျိုး လုံးဝမလုပ်ရပါဘူး။ ဦးရေပြားစပ်ပြီး အနားဖြစ်တာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်ထွက်နှုန်းနည်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်ချောင်းလေးတွေနဲ့ ဖြေးဖြေးချင်းစီ massage လုပ်တာမျိုးပဲ လုပ်ပေးပါ။

ရေပူနဲ့ခေါင်းလျှော်ခြင်း

ခေါင်းလျှော်မယ်ဆိုရင် ရေပူနဲ့လုံးဝမလျှော်သင့်ပါဘူး။ ဆံပင်ကျွတ်ပြီး ဆံသားခြောက်သွေ့ ပျက်စီးစေပါတယ်။ ဆံပင်ဖွာတာတွေလည်း ဖြစ်စေပါတယ်။ ဒါကြောင့် အရမ်းအေးလို့ဆိုရင်တောင်မှ ရေကြက်သီးနွေးလေးနဲ့ပဲ လျှော်ပေးပါ။

ဦးရေပြားကိုပါ Conditioner သုံးခြင်း

Conditioner ကို ဆံသားအပြင် ဦးရေပြားပါသုံးတာမျိုး မလုပ်ပါနဲ့။ ဆံပင်တစ်ဝက်လောက်ကနေပဲ စသုံးတာ အကောင်းဆုံးပါ။ ဦးရေပြားကိုပါသုံးမိရင် hair follicles တွေ၊ ချွေးပေါက်ပိတ်သလိုဖြစ်ပြီး ဆံပင်အရှည်နှေးမယ်၊ ဦးရေပြားအဆီပိုထွက်မယ်၊ အခန့်မသင့်ရင် ဗောက်ထတာတွေပါ ဖြစ်လာပါမယ်။