ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ရေရှည်လက်တွဲဖို့စိတ်ကူးထားတယ်ဆိုရင် သူငယ်ချင်းတွေကြားမှာ အခင်အမင်ပျက်စေမယ့် ကိစ္စတစ်ချို့ကိုတော့ သတိထားဖို့လိုပါမယ်‌။ ဘယ်လောက်ပဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ပါစေ အသေးအမွှားကိစ္စလေးတစ်ခုကနေ စိတ်ခုသွားတာမျိုးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ သူငယ်ချင်းတွေကြားမှာ အခင်အမင်ပျက်သွားစေမယ့် လုပ်ရပ်တစ်ချို့ကို သတိထားရှောင်ကျဉ်နိုင်ဖို့ ပြောပြပေးချင်ပါတယ်နော်။

(၁) အချစ်ရေးမှာကြားညှပ်ခြင်း

လူနှစ်ယောက်တည်ဆောက်ထားတဲ့ Relationship တစ်ခုအကြောင်းကို အပြင်လူတစ်ယောက်အနေနဲ့ အတွင်းကျကျသိနိုင်ဖို့ ခဲယဉ်းလှပါတယ်။ သူငယ်ချင်းတွေရဲ့ Rs မှာပြဿနာတစ်ခုခုဖြစ်နေသည်ရှိသော် ဘယ်သူမှားတယ်မှန်တယ်ဆိုတာ သေချာမသိနိုင်တဲ့အတွက် ဝင်မပါတာအကောင်းဆုံးပါပဲ့။ ကြားသုံးကြားမဝင်သင့်ဘူးဆိုတဲ့ ဆိုရိုးစကားလည်းရှိတာကြောင့် ကိုယ်သူငယ်ချင်းရဲ့ အိမ်ထောင်ရေး အချစ်ရေးကိစ္စတွေမှာ ပါဝင်ပတ်သက်တာ ဂဂဏဏမသိပဲ ဝေဖန်တာမျိုးတွေကို အတက်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်။

(၂) ငွေကြေးကိစ္စအရှုပ်အရှင်းရှိလာခြင်း

လူကိုခင်ရင်ငွေမချေးပါနဲ့ ဆိုတဲ့စကားက သိပ်မှန်ပါတယ်။ ဘယ်လောက်ပဲရင်းနှီးတဲ့ဘော်ဒါတွေဖြစ်နေပါစေ အပေါင်းအသင်းကဏ္ဍမှာ ငွေရေးကြေးရေးအရှုပ်အရှင်းတွေပါလာရင်တော့ ရေရှည်ဆက်ဆံလို့ အဆင်ပြေတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် သူငယ်ချင်းအရင်းခေါက်ခေါက်တွေဆီက ပိုက်ဆံချေးတာမျိုး ငွေကြေးအရှုပ်အရှင်းလုပ်မိတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။

(၃) ကုန်းဆင်းခြင်း

ဘယ်ဆိုင်ပဲထိုင်ထိုင်စားသောက်ပြီးလို့ ပိုက်ဆံရှင်းခါနီးတိုင်း အရူးကွက်နင်းပြီး ကုန်းဆင်းသွားတက်တဲ့သူငယ်ချင်းတွေနဲ့ကြုံဖူးပါသလား။ တစ်ခါနှစ်ခါလောက် ကုန်းဆင်းသွားတယ်ဆိုတာက နားလည်ခွင့်လွှတ်ပေးလို့ရပေမယ့် အမြဲလိုလိုအကြောင်းပြချက်အမျိုးမျိုးနဲ့ ကုန်းဆင်းနေတဲ့သူတွေဆိုရင်တော့ ဘော်ဒါတွေ တဖြည်းဖြည်းရှောင်ဖယ်လာကြပါလိမ့်မယ်။ ဒါကြောင့် ဘော်ဒါအကန့်မပျက်ချင်ရင်တော့ အမြဲတမ်းကုန်းဆင်းခြင်းကို ရှောင်ကျဉ်ပါ။

(၄) အားနည်းကိုနောက်ပြောင်ခြင်း

သူငယ်ချင်းဘော်ဒါတွေကြား စတာနောက်တာက စိတ်ဆိုးစရာမဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်လူရဲ့အားနည်းချက် သည်းမခံနိုင်တဲ့အရာတွေကိုတော့ ဟာသတစ်ခုအနေနဲ့ မစမိဖို့ လိုပါမယ်နော်။ ကိုယ်ကတော့ ဘာရယ်မဟုတ်ဘူး အပျော်သဘောနဲ့ စနောက်လိုက်ပေမယ့် တစ်ဖက်လူရဲ့ရင်ထဲမှာ ခံစားချက်ပြင်းပြင်းထန်ထန်ဖြစ်သွားနိုင်တာကြောင့် ကိုယ်သူငယ်ချင်းတွေဘော်ဒါတွေ မကြိုက်တဲ့အရာတွေကို မစနောက်မိစေဖို့ ဆင်ခြင်လိုက်ပါ။